MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အတ္တလန်တာအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်လီဗာပူးလ်က တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာရဲ့ ဟက်ထရစ်နဲ့အတူ (၅)ဂိုးပြတ်နဲ့ကို အပြတ်သတ်အနိုင်ရခဲ့သလို အသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် အုပ်စုအဆင့် (၃)ပွဲကစားပြီးတဲ့နောက်မှာ (၃)ပွဲလုံးကို Clean Sheets ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး နှစ်သင်းလုံး အပြန်အလှန်သွင်းဂိုးတွေ ရယူခဲ့ရင်းနဲ့ အိမ်ရှင်ရီးရဲလ်က (၃)ဂိုး(၂)ဂိုးနဲ့ ကပ်အနိုင်ရကာ အုပ်စုအတွင်း ပထမဆုံးနိုင်ပွဲ ရှာတွေ့ခဲ့သလို ၂၀၂ဝအတွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအားလုံးမှာလည်း ပထမဆုံးနိုင်ပွဲ ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်လက်ရွေးစင်တိုက်စစ်ကစားသမား တီမိုဝါနာက သူ့အနေနဲ့ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာတာဟာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားတွေကို အရယူနိုင်ဖို့အတွက်ဖြစ်ပြီး အသင်းမှာလည်း အတောင့်တင်းဆုံး အစုအဖွဲ့ရှိနေတဲ့အတွက် သိပ်မကြာခင်မှာပဲ သူလိုချင်နေတဲ့ အောင်မြင်မှုကြီးကို ရယူနိုင်ဖွယ်ရှိတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အသင်းရဲ့အဓိကတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက နည်းပြတွေ ထိန်းသိမ်းရခက်တဲ့ ကစားသမားတစ်ယောက်လို့ မှတ်ချက်ပြုပြောဆိုခဲ့တဲ့ အသင်းရဲ့နည်းပြဟောင်း ဆက်တီယန် မှတ်ချက်ပြုစကားတွေကို လက်မခံနိုင်ကြောင်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

မနေ့ညက အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲအတွင်း လီဗာပူးလ်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ သူနောက်ဆုံးကစားခဲ့တဲ့ ဥရောပပွဲစဉ်(၈)ပွဲအတွင်းမှာ ဟက်ထရစ်(၃)ကြိမ်အထိကို ပိုင်ဆိုင်ခဲ့တဲ့ တကယ့်ကို တိုက်စစ်အရည်အသွေးကောင်းလှတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။