MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက အက်အေဖလားလူငယ်ဖလားဖိုင်နယ်ဆီ (၄)ကြိမ်ထိ တတ်ရောက်ခဲ့ပြီး အဲ့ဒီ(၄)ကြိမ်လုံးမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မန်စီးတီးလူငယ်အသင်းဟာ သူတို့အသင်းရဲ့ သမိုင်းတလျှောက် တတိယအကြိမ်မြောက် အက်အေဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် ကစားသမားက လီဗာပူးလ်ကိုပဲ ရွေးချယ်ခဲ့လို့ အယ်ကန်တာရာရဲ့ညီဖြစ်တဲ့ ရာဖင်ဟာအယ်ကန်တာရာကိုပဲ ခေါ်ယူလိုက်ရတာဖြစ်တယ်လို့ အယ်ကန်တာရာညီအစ်ကိုနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူက ပြောဆိုလာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ စပါးနည်းပြဟောင်း မာရီစီယိုပိုချက်တီနိုက အသင်းလက်မဲ့ဖြစ်နေတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပေမယ့် နည်းပြနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းထွက်ပေါ်လျက်ရှိနေပါတယ်။

အေစီမီလန်အသင်းဟာ သူတို့ရဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို စာချုပ်သစ်ချုပ်ဆိုသွားဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မီလန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ကတ်ဆေးဟာ လာမယ့် ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာတဲ့ လက်စတာတိုက်စစ်မှူးဗာဒီဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့လို့ သူရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ဂိုး(၁၁၀)အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ် ဝက်စ်ဟမ်း အက်စတွန်ဗီလာ မစ်ဒယ်ဘရော့အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း စတူးဝပ်ဒေါင်းနင်းဟာ သူနောက်ဆုံးပါဝင်ခဲ့တဲ့ ဘလက်ဘန်းအသင်းဆီကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။