MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ ဖူလ်ဟမ် ဝက်စ်ဟမ်းအသင်းတွေနဲ့ ဘာမင်ဂမ်စီးတီး ပို့စ်မောက်တို့လို ပရီးမီးယားလိဂ် အသင်းဟောင်းတွေမှာပါ ပါဝင်ကစားခဲ့ဖူးတဲ့ ဆီနီဂေါလက်ရွေးစင်ဟောင်း ကွင်းလယ်ခံစစ်ကစားသမား အသက်(၄၂)နှစ်အရွှယ်ရှိ ဒီအော့ဟာ ကာလရှည်ကြာ ခံစားနေရတဲ့ အဖျားဝေဒနာနဲ့ နိုဝင်ဘာ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရပါတယ်။

မနေ့ညက စိန့်မေရီကွင်းမှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အိမ်ရှင်ဆောက်သမ်တန်အသင်းကို ကာဗာနီရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့သမိုင်းကြောင်းတလျှောက် ပရီးမီးယားလိဂ်မှာ အဝေးကွင်းပွဲပေါင်း (၈)ပွဲဆက်တိုက် ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဝုလ်ဗ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ် (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်လိုက်ရတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲ ကစားထားပြီးနောက် စုစုပေါင်းရမှတ်(၁၃)မှတ်သာ ရယူထားနိုင်ခဲ့ကာ ဒါဟာ (၂၉)နှစ်တာကာလအတွင်း လိဂ်ပွဲ(၁၀)ပွဲကစားပြီးနောက် ရယူနိုင်ခဲ့တဲ့ အနည်းဆုံးရမှတ်လည်း ဖြစ်ခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က စပါးအသင်းနဲ့ ရင်ဆိုင်ကစားသွားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း သူ့အသင်းရဲ့ ခံစစ်ကစားပုံကို ကျစ်လစ်ကောင်းမွန်းခဲ့ကာ Clean Sheet ရယူနိုင်ခဲ့တာကို အတော်လေး ကျေနပ်မိခဲ့ပေမယ့် သရေရလဒ်ထက်စာရင် အနိုင်ရလဒ်ကိုသာ ရယူနိုင်ခဲ့သင့်တယ်လို့လည်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒဏ်ရာပြသာနာကြောင့် အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ထားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာဟာ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်လို့ လာမယ့်ကြားရက်မှာ ရှက်တာဒိုးနက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် ပြန်လည်ကစားပေးဖွယ် ရှိနေပါတယ်။