MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေလက်ရွေးစင် ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်ဟာ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါဝင်လို့နေပြီဖြစ်ပြီး လာမယ့်တစ်ပတ် ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲမှာ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မယ့် အသင်းရဲ့အဓိကနောက်ခံကစားသမား ဗာဂျယ်ဗန်ဒိုက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အေဂျက်စ်အသင်းရဲ့ အသက်(၂၀)သာရှိသေးတဲ့ နယ်သာလန်လူငယ်နောက်ခံကစားသမားလေး ပယ်ရာရူဝါစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ သူတို့အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ စပိန်နောက်ခံကစားသမား အဲရစ်ဂါဆီယာကို မန်စီးတီးအသင်းကနေ ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် နောက်ထပ်ကမ်းလှမ်းမှုတစ်ခု ထပ်မံပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။

 

မန်စီးတီးအမျိုးသမီးအသင်းဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ အမျိုးသမီးအက်အေဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်အဲဗာတန်အမျိုးသမီးအသင်းကို မိနစ်(၉၀)အတွင်း တစ်ဂိုးစီသရေကျအောင် ကစားခဲ့ပြီးနောက် အချိန်ပိုဆက်လက်ကစားရမှာ နောက်ထပ်သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့ပြီး အမျိုးသမီးအက်အေဖလားကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ လော်သာရိုမာတီနက်ဇ်ကို အသင်းဘက်ကနေ အခုအချိန်ထိ စာချုပ်သစ်ကမ်းလှမ်းခြင်း မရှိသေးဘူးလို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီအာဂျင်တီးနားတိုက်စစ်မှူးကို ဘာစီလိုနာ မန်စီးတီး ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားလျက်ရှိနေပါတယ်။