MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ အီတလီစီးရီးအေကလပ် နာပိုလီအသင်းရဲ့အခြေအနေတွေကို စောင့်ကြည့်လျက်ရှိနေပြီး နာပိုလီဘက်က ကစားသမားရောင်းချမှုတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာချိန်မှာ ကူလီဘလီနဲ့ မာတန်စ်တို့လို ကြယ်ပွင့်ကစားသမားတွေကို သက်သာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

နာမည်ကျော် ဘောလုံးနည်းပြတစ်ယောက်ဖြစ်တဲ့ ရာဖေးလ်ဘင်နီတက်ဇ်က သူ ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေစဉ်တုန်းက အဲ့ဒီအချိန်မှာ ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ သူနဲ့ကြားမှာ ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ မရှိခဲ့ပဲ အားလုံးအဆင်ပြေခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ဘရိုက်တန်နဲ့ သူတို့အသင်းတို့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပွဲပြီးဆုံးခါနီးမှာ ကွင်းလယ်ဒိုင်ကနေ အိမ်ရှင်ဘရိုက်တန်အတွက် ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့ပေမယ့် ဒီဖြစ်ရပ်ကနေ ပင်နယ်တီရသွားလိမ့်မယ်ဆိုတာကို ဘရိုက်တန်ကစားသမားတွေတောင် မထင်ခဲ့ကြောင်း ရှင်းလင်းပြောဆိုလိုက်ပါတယ်။

မနေ့ညက ဂျုဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်း တိုက်စစ်မှူးမိုရာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံခဲ့ရပေမယ့်လည်း ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ပြန်လည်ချေပနိုင်ခဲ့ပြီး ရလဒ်ကိုပါ အကောင်းဆုံးထိန်းသိမ်းနိုင်ခဲ့တဲ့ ဘင်နီဗင်တိုအသင်းရဲ့ နည်းပြဖီလစ်ပီအင်ဇာဂီက သူတို့အသင်းအနေနဲ့ ဂျုဗင်တပ်စ်အသင်းကို သရေတစ်မှတ်ထက် အနိုင်သုံးမှတ်ပဲ ရယူနိုင်စွမ်းရှိခဲ့တယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဘရာဇီးကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ရာမီရက်ဇ်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ကပဲ သူရဲ့ကလပ်အသင်းဖြစ်တဲ့ ပါမီးရပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း ဝန်ခံလာခဲ့ပြီးနောက် သူ့ကို အခြားသော ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပေမယ့် ရာမီရက်ဇ်ကတော့ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သွားဖို့သာ စဉ်းစားနေတယ်လို့ သိရပါတယ်။