MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပါးအသင်းဟာ လက်ရှိမှာ အသင်းရဲ့နောက်ခံလူ တိုဘီအယ်ဒါဝီရယ်ရဲ့ ဒဏ်ရာပြသာနာရှိနေတဲ့အပြင် ခံစစ်ပိုင်းကိုလည်း ပိုမိုတောင့်တင်းနေစေနိုင်ဖုုိ့အတွက် အသင်းလက်မဲ့ဖြစ်လို့နေတဲ့ ဝါရင့်နောက်ခံကစားသမား ဂါရေးကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေလျက်ရှိသလို ဘာစီလိုနာအသင်းကလည်း ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေကြောင့် ဂါရေးကို ခေါ်ယူချင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နာမည်ကျော် ကင်မရွန်းတိုက်စစ်မှူးဟောင်းကြီး ဆင်မြူရယ်အီတူးကို ခေါ်ယူသွားဖို့အတွက် အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်ခဲ့တဲ့ စပိန်စတုတ္ထတန်းကလပ် ရေးဆင်းမူစီယာအသင်းဟာ အခုလည်း မန်စီးတီးနဲ့အဲဗာတန်အသင်းတို့ရဲ့ နောက်ခံလူဟောင်း လက်စကော့ကို ခေါ်ယူသွားဖို့ ဆက်သွယ်လျက်ရှိနေတယ်လို့ သိရပါတယ်။

အီဂျစ်အမှတ်ပေးချန်ပီယံအသင်းဖြစ်တဲ့ အယ်အာလီအသင်းဟာ မနေ့ညက အာဖရိကချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် အီဂျစ်ကလပ် ဇာမာလိခ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး CAF ချန်ပီယံဆုကိုလည်း (၉)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အယ်အာလီအသင်းဟာ လာမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလအတွင်း ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဝင်ရောက်ဆင်နွဲရတော့မှာဖြစ်ပါတယ်။

ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ အသင်းအတွက် ပြန်လည်ကစားပေးလာနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ညာနောက်ခံကစားသမား ဒန်နီကာဗာဟယ်ဟာ လက်ရှိမှာ ကြွက်သားဒဏ်ရာကိုပါ ခံစားလာခဲ့ရတဲ့အတွက် ပြန်လည်အနားယူရဖွယ် ရှိလို့နေပြီး (၂)ပတ်ခန့်လောက်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။

ဒီနှစ်နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လိုင်လီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်က သူအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဟာ သူရဲ့ဘောလုံးသမားဘဝ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘောလုံးကစားနေရတာကို မက်မောတောင့်တလို့သာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။