MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်တဲ့ စပါးအသင်းရဲ့ ကစားသမား(၃)ဦးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။ အဲဗာတန်က စပါးကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဒယ်လီအလီနဲ့ ဟယ်ရီဝင့်စ်တို့အပြင် ဂိုးသမားပါဘလိုဂါဇာနီကာကိုပါ ပစ်မှတ်ထားလို့နေပါတယ်။

လီဗာပူးလ်ဟာ အတ္တလန်တာအသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးကန်သွင်းမှုကို တစ်ကြိမ်လေးသာ ပြုလုပ်နိုင်ခဲ့တဲ့အထိ အသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည်က ဆိုးရွှားခဲ့ရပြီး ဒါဟာ ၂၀၁ရခုနှစ်တုန်းနောက်ပိုင်း ပထမပိုင်းပွဲချိန်အတွင်း အဆိုးရွှားဆုံးစွမ်းဆောင်ရည် ဖြစ်ခဲ့ရပါတယ်။

ဒီတစ်ပတ်ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၄)အပြီးမှာတော့ (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲဆီကို စောစောစီးစီး တတ်လှမ်းနိုင်ခဲ့တဲ့ အသင်း(၆)သင်းထွက်ပေါ်ခဲ့ပြီး ဒီအသင်းတွေကတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ဘာစီလိုနာ ဂျုဗင်တပ်စ် ချယ်လ်ဆီး ဆီဗီလာနဲ့ မန်စီးတီးတို့ဖြစ်ပြီး ဘိုင်ယန်ကတော့ (၇)မှတ်အထိ ဖြတ်တောက်ထားခဲ့တာကြောင့် အုပ်စုပထမနေရာကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ အကြီးအကဲဖြစ်သူက သူတို့အသင်းရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဟန်ဂေရီကွင်းလယ်ကစားသမားလေး ဒိုမီနစ်ဆာဘော့ဇ်လိုင်းဟာ လာမယ့်ဆောင်းစျေးကွက်မှာပဲ ဥရောပထိပ်သီး ကလပ်အသင်းကြီးတစ်သင်းဆီကို ရောက်ရှိသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဆာလ်ဇ်ဘာ့ဂ်အသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူရဲ့ချန်ပီယံလိဂ်သွင်းဂိုး စုစုပေါင်းက (၇၁)ဂိုးအထိ ဖြစ်လာခဲ့တာကြောင့် စပိန်ဂန္ထဝင်တိုက်စစ်မှူးကြီး ရာအူးရဲ့ချန်ပီယံလိဂ်သွင်းဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ တတိယဂိုးသွင်းအများဆုံးသူအဖြစ် ရာအူးနဲ့ပူးတွဲ ရပ်တည်နေခဲ့ပါတယ်။