MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန်အသင်းမှာ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်လို့နေရတဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ လာမယ့်ဇန်နဝါရီလမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိပြီး သူ့ကို ခေါ်ယူသွားဖို့အတွက် ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတစ်ဦးနဲ့ ထိတွေ့မိခဲ့တာကြောင့် လတ်တလောမှာ တစ်ဦးတည်း သီးသန့်နေထိုင်နေရတယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းရတဲ့ လင်ဂတ်ဟာ သူရဲ့နေအိမ်မှာပဲ လေ့ကျင့်ခန်းဆင်းနေကြောင်း ဆိုရှယ်မီဒီယာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရလဒ်ပိုင်းတွေ ဆိုးရွှားနေပြီး ရုန်းကန်နေရတဲ့ ဘာမင်ဂမ်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ခရိုအေးရှား ကွင်းလယ်တိုက်စစ်ကစားသမား အလန်ဟာလီယိုဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ ဘာမင်ဂမ်ဟာ ဟာလီယိုဗစ်ကို ၂၀၂၁ခုနှစ် ဇွန်လအထိ ကာလတိုစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ နာပိုလီနဲ့ မီလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုး ရယူပေးနိုင်ခဲ့တဲ့ တံကောက်ကြောဒဏ်ရာပါ ရရှိသွားခဲ့တာကြောင့် လိုင်လီ ဆဲလ်တစ်အသင်းတို့နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေအပြင် ဖီအိုရင်တီးနားအသင်းနဲ့ စီးရီးအေပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

 

လက်ရှိမှာ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဘန်ဇီမာက ဒဏ်ရာရရှိနေပြီး အရန်တိုက်စစ်မှူး လူကာဂျိုဗစ်ကလည်း ကိုဗစ်ကူးစက်နေတဲ့အတွက် အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဂီတာဖေးကနေ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ စပိန်လူငယ် တိုက်စစ်မှူးလေး ဟိုဂိုဂျူရိုကို ထည့်သွင်းအသုံးပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။