MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့်ဇန်နဝါရီလ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာသွားချင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို တန်းတတ်လိဒ်စ်ယူနိုက်တက်အသင်းနဲ့ တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ဘရိုက်တန်အသင်းတို့က ပစ်မှတ်ထားလျက်ရှိနေပါတယ်။

နာမည်ကျော် ဗြိတိန်သတင်းစာတစ်ခုဖြစ်တဲ့ Mirror ရဲ့ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ဝါရင့်ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗာဂျရှုးဟာ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်လို့ထားတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ကစားဖွယ်ရှိနေပြီး ဇန်နဝါရီလမှာပဲ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ပက်ထရစ်အီဗရာက မနေ့ညက လိဒ်စ်နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ်ကစားသမားပေပေရဲ့ ခေါင်းနဲ့ဝင်တိုက်မှုကို ခံလိုက်ရတဲ့ လိဒ်စ်ကစားသမား အယ်လီယိုစကီးဟာ လိုတာထက် ပိုမိုနာကျင်တဲ့ ပုံစံကို လုပ်ဆောင်ပြခဲ့လို့ အော်စကာဆုနဲ့ပါ ထိုက်တန်လှတယ်လို့ လှောင်ပြောင်ဝေဖန်သွားခဲ့ပါတယ်။

လတ်တလောမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်လို့နေရတဲ့ ဘာစီလိုနာအသင်းဟာ အခုလည်း သူတို့ရဲ့တောင်ပံကစားသမား အူစမန်ဒမ်ဘီလီပါ ပခုံးဒဏ်ရာ ခံစားနေရတယ်လို့ပါ သိရပါတယ်။ ဒီပြင်သစ်ကစားသမားဟာ ပခုံးဒဏ်ရာကို အသက်လက်တီကိုအသင်းနဲ့ပွဲမှာပဲ ရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာကတော့ ပြင်းထန်ဖွယ်မရှိဘူးလို့ သိရပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ အမှှုဆောင်ချုပ်ဖြစ်သူက အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုခဲ့ပြီး ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုလည်း စိတ်ပူပန်ခြင်းမရှိဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။