MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်ဟာ အသင်းကို အကောင်းဆုံး အခြေအနေ ပြန်လည်ရောက်ရှိလာနိုင်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ဇာဗီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ လီယွန်နယ်မက်ဆီက ပြောဆိုလာခဲ့ပြီး ဘာစီလိုနာအနေနဲ့ ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းက အသင့်တော်ဆုံး ခန့်အပ်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

လာမယ့် ၂၀၂၂ခုနှစ်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ မကြာခင်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားနိုင်တော့မှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို(၁၀)သန်း+အပိုဆုကြေး အပါအဝင် (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

လိုင်လီအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို သူ့ကို အာဆင်နယ်နဲ့ အေစီမီလန်အသင်းတွေကနေ အလိုရှိနေကြတယ်ဆိုတာကို သူမသိရှိထားကြောင်း ဒါပေမယ့် သူအနေနဲ့ကတော့ ကလပ်အသင်း အပြောင်းအလဲ လုပ်ဆောင်သွားဖို့အတွက် အဆင့်သင့် ဖြစ်နေတာကြောင့် သူ့အတွက် အကောင်းဆုံးဖြစ်မယ့် အသင်းကို ရွေးချယ်သွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် ကြယ်ပွင့်ကစားသမားလေး မေဆန်မောင့်ကို လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားချင်နေသလို ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် အဓိကပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးအသင်းတို့ကပါ မေဆန်မောင့်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလေးအတွင်းမှာပဲ အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိ အခြေအနေတွေကြောင့် အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ အက်ဒ်ဝုဒ်ဝက်အနေနဲ့ အသင်းနဲ့ လမ်းခွဲမယ့် ကိစ္စရပ်ကို အနည်းငယ် နောက်ဆုတ်ရဖွယ် ရှိလို့နေပြီး အသင်းအတွက် အရေးပါတဲ့ ကိစ္စရပ်တွေကို ဆက်လက်တာဝန်ယူ လုပ်ဆောင်ပေးရဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဂျုဗင်တပ်စ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အတွင်း ဒဏ်ရာပြသာနာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား လူကာကူကို အလျင်စလို အသုံးပြုသွားဦးမှာ မဟုတ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။