MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နှစ်စဉ်နှစ်တိုင်း ကျင်းပနေကြဖြစ်တဲ့ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ The Best FIFA Football Awards ဆုပေးပွဲကို လာမယ့် ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဆုတွေကိုတော့ ပုံမှန်ပေးနေကြ ဆုအရေအတွက်အတိုင်း ပေးအပ်သွားမှာဖြစ်သလို Online Voting စနစ်ကိုလည်း နိုဝင်ဘာလ(၂၅)ရက်နေ့က စတင်ပေးနိုင်ပြီဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ပါဘလိုအယ်ကာဆာဟာ ကြွက်သားဒဏ်ရာကြောင့် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ပူးပေါင်းနိုင်ခြင်းမရှိတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်ကိုလည်း ပါဝင်ကစားနိုင်ဖို့ မရေမရာ ဖြစ်လို့နေပါတယ်။

မန်စီးတီးအသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် ကွင်းလယ်ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်းက သူရဲ့အသင်းဖော်ဖြစ်တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်လေး ဖေးလ်ဖိုဒန်အနေနဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်အထိပါ ဖြစ်လာနိုင်တယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်အထိ တိုးမြှင့်လိုက်တဲ့ နည်းပြပတ်ဂွာဒီယိုလာက သူရဲ့တပည့်ကျော်ဖြစ်ခဲ့တဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို မန်စီးတီးအသင်းဆီ ခေါ်ဆောင်ချင်ပေမယ့်လည်း သူရဲ့လက်ရှိကလပ် ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝကုန်ဆုံးချိန်အထိ ပါဝင်ကစားတာကို ပိုမိုမြင်တွေ့ချင်နေတယ်လို့ သိရှိရပါတယ်။

ရန်းစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် လူငယ်ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ကာမာဗင်ဂါက သူ့ကို လတ်တလောမှာ ဥရောပကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလို့နေကြပေမယ့်လည်း သူအနေနဲ့ကတော့ သူရဲ့အနာဂတ်ကို အလျင်အမြန် ဆုံးဖြတ်ချက်ချသွားမှာမဟုတ်ပဲ ရန်းစ်အသင်းနဲ့ ဒီရာသီအကုန်အထိ ပါဝင်ကစားပြီးမှ စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။