MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပိန်နိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား အစ္စကိုကို ခေါ်ယူဖို့အတွက် အဲဗာတန်အသင်းဘက်ကနေ ကြိုးပမ်းနေလျက်ရှိပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်လျက်ရှိနေသလို ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

The Athletic သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းရဲ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ နောက်ခံလူဒေးဗစ်လုဇ်နဲ့ ကွင်းလယ်ကစားသမားစီဘယ်ယို့စ်တို့ဟာ လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သွေးထွက်သံယိုဖြစ်တဲ့အထိကို ရန်ဖြစ်ခဲ့တာကြောင့် ကစားသမားနှစ်ယောက်လုံးကို လေ့ကျင့်ခန်းအစီအစဉ်ကနေ အိမ်ပြန်လွတ်ခဲ့သလို ဒီဖြစ်ရပ်အတွက်လည်း သတိပေးစကားဆိုခဲ့တယ်လို့ သိရပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမားသမား ဆာဂျီယိုရာမို့စ်ဟာ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ Nations League ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် (၃)ပတ်ခန့် အနားယူရတော့မှာဖြစ်ကာ ဗီလာရီးရဲလ် အင်တာမီလန် အလာဗက်စ် ရှက်တာဒိုးနက်စ် ဆီဗီလာအသင်းနဲ့ ပွဲစဉ်တွေအထိပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဝီလီယံက သူအနေနဲ့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မပြောင်းရွှေ့ခင် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ စီမံကိန်းကိုသာ စိတ်ဝင်စားတာကြောင့် အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တာလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်နေကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းသားနှစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်နဲ့ နောက်ခံကစားသမားမီလီတာအိုတို့နှစ်ယောက်လုံးက ဒီတစ်ကြိမ် ကိုဗစ်စစ်ဆေးရာမှာတော့ နှစ်ယောက်လုံး Negative ပြသနေတာကြောင့် လေ့ကျင့်ခန်းအစီအစဉ်မှာပါ ပြန်လည်ပါဝင်နိုင်ပြီဖြစ်သလို ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လာလီဂါပွဲစဉ်ရဲ့ လူစာရင်းမှာပါ ပါဝင်လာဖွယ် ရှိနေပါတယ်။