MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်စ်မဲရိုးဟာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ထားခဲ့လို့ (၁၀)ရက်တာခန့်လောက်အထိ အနားယူခဲ့ရပေမယ့် အခုတစ်ကြိမ် စစ်ဆေးမှုမှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုရမရှိတော့ဘူးဆိုတဲ့ ရလဒ်ထွက်လာခဲ့လို့ လေ့ကျင့်ခန်း ပြန်လည်ဆင်းနေရပြီဖြစ်ပြီး ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လာလီဂါပွဲစဉ်မှာ ပါဝင်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီသာ အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် ဘာစီလိုနာအနေနဲ့ မက်ဆီရဲ့နေရာအတွက် ဘယ်ကစားသမားကိုမှ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ မက်ဆီရဲ့အသင်းဖော်ဟောင်း စပိန်ကွင်းလယ်လူဖာဘရီဂတ်စ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးရစေဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ အီတလီမီဒီယာ Calcio Mercato ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်အနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး အခုတစ်ကြိမ် ထပ်မံစစ်ဆေးရာမှာလည်း Positive ထပ်ပြနေသေးတာကြောင့် ဆွာရက်ဇ်ဟာ သူရဲ့အသက်လက်တီကိုအသင်းနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းတို့ရဲ့ ရင်ဆိုင်ကစားရမယ့် လာလီဂါပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဥရောပကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားခြင်းကို ရရှိလို့နေတဲ့ နာပိုလီအသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်အနေနဲ့ သူ့ကို အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ နာပိုလီမှာပဲ အလွန်ပျော်ရွှင်လျက်ရှိနေတာကြောင့် အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ရုဇ်ရဲ့အေးဂျင့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။