MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ စပို့တင်းဘရာဂါအသင်းရဲ့ အသက်(၂၁)နှစ်အရွှယ် ပေါ်တူဂီနောက်ခံကစားသမား ဒေးဗစ်ကာလ်မိုကို ယူနိုက်တက်အပါဝင် ကလပ်အသင်းပေါင်း(၁၀)သင်းလောက်ကနေ စိတ်ဝင်စားနေကြတယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေသလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ကို ခေါ်ယူသွားဖို့ထက် အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားဖြစ်တဲ့ လူငယ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေကိုပဲ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ကိုသာ အဓိကဦးစားပေးနေတယ်လို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်နဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်တို့နှစ်ယောက်လုံးဟာ ဒဏ်ရာပြသာနာအသီးသီး ရရှိနေတဲ့အတွက် အိုက်စလန်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် UEFA Nations League အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းမှာ အမြဲတမ်းလိုလို အရည်အသွေးမြင့်ဂိုးမသမားကောင်းတွေ ထွက်ပေါ်နေလျက်ရှိပြီး ဒါဟာ သူတို့အသင်းရဲ့ရိုးရာတစ်ခုလိုတောင်ဖြစ်နေသလို ဒါကလည်း ဘယ်တော့မှ ပြောင်းလဲသွားမယ့်အရာ မဟုတ်ဘူးလို့ စပိန်အသင်းနဲ့ UEFA Nations League အုပ်စုဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ကစားရမယ့် ဂျာမန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားနူအာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လတ်တလောမှာ ဥရောပထိပ်သီးကလပ်တွေအားလုံးနီးပါးရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့တဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီလက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဒိုမီနစ်ဆာဘော့ဇ်လိုင်းကို အခုလက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းကပါ ထိပ်တိုးစိတ်ဝင်စားလာခဲ့ပြီး အခြားသောအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။