MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကစားသွားခဲ့တဲ့ ဘယ်ဂျီယံအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ခါးဒဏ်ရာရသွားခဲ့လို့ ပွဲကိုဆက်လက်မကစားနိုင်တော့ပဲ လူစားလဲခဲ့ရတဲ့ ဘယ်နောက်ခံကစားသမား ဘန်ချီဝဲလ်အနေနဲ့ ချယ်လ်ဆီးနဲ့ နယူးကာဆဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

လီဗာပူးလ်အသင်းနဲ့ စပါးအသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးတဲ့ အသက်(၇၂)နှစ်အရွှယ် အင်္ဂလန်ဂိုးသမားဟောင်းကြီး ရေးကလီမန့်စ်ဟာ တနင်္ဂနွေနေ့ကပဲ ကွယ်လွန်သွားခဲ့ရပြီလို့ သိရှိရပါတယ်။ ကလီးမန့်စ်ဟာ လီဗာပူးလ်မှာ (၁၄)နှစ်တာအထိကို ပါဝင်ကစားခဲ့ပြီး အမှတ်ပေးချန်ပီယံ(၅)ကြိမ်နဲ့ ဥရောပဖလား(၃)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နာမည်ကျော် အီတလီဘောလုံးသမာဟောင်းတစ်ယောက်ဖြစ်တဲ့ တိုက်စစ်ကစားသမား အန်တိုနီယိုကာဆာနိုက ဘာစီလိုနာအသင်းအနေနဲ့ တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်ကို အသင်းကနေ လက်လွတ်လိုက်တာဟာ အတော်လေးကို ရူးနှမ်းလွန်းလှတဲ့ ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုနက်တိုကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၂၀)အရွှယ်ရှိ လာဇီယိုကစားသမားဟောင်းနက်တိုဟာ ပေါ်တူဂီက အန်ဒိုရာအသင်းက (၇)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ သူရဲ့ပေါ်တူဂီစီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက သူအနေနဲ့ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ အခက်အခဲတွေဆိုပေမယ့်လည်း နိုင်ငံအသင်းမှာတော့ ဒီလိုမဟုတ်ပဲ အသင်းသားတွေ စည်းလုံးမှုရှိကြလို့ ကလပ်အသင်းမှာထက် ပိုပြီးတော့ကို ကစားလို့ အဆင်ပြေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။