MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ဆွတ်ဇာလန်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ UEFA Nations League ပွဲစဉ်အတွင်းမှာ စပိန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ စပိန်အသင်းအတွက် (၁၇၇)ပွဲအထိ ပါဝင်နိုင်ခဲ့တာဖြစ်လို့ ဥရောပဘောလုံးနယ်ပယ်အတွင်း နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲအရေအတွက် အများဆုံးကစားနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

ဗြိတိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Telegraph ရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်တဲ့ ပတ်ဂွာဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ကြား စာချုပ်ကိစ္စတွေ ဆွေးနွေးလုပ်ဆောင်လျက်ရှိနေပြီး သက်တမ်းတိုးနိုင်ဖို့လည်း နီးစပ်နေပြီလို့ သိရှိရပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အတွင်း အီဂျစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ရာမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ဗိုင်းရပ်စ်ပိုးကူးစက်ထားမှုကြောင့် လက်စတာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲနဲ့ အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲတွေကို လွဲချော်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘရာဇီးနောက်ခံကစားသမား ဂါဘရီရယ်က သူ လိုင်လီအသင်းမှာ ပါဝင်ကစားခဲ့စဉ်အတွင်း ဥရောပကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ပိုင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နွေစျေးကွက်မှာလည်း မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ကပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူကိုယ်တိုင်က အာဆင်နယ်ကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိကပစ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ လာမာစီယာ အကယ်ဒမီထွက် စပိန်နောက်ခံလူ အဲရစ်ဂါဆီယာကို ရီးရဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလျက်ရှိနေပြီး စာချုပ်ကိစ္စ အဆင်မပြေသေးတဲ့ ဝါရင့်နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ရဲ့နေရာအတွက် အစားထိုးသွားဖို့ ဂါဆီယာကိုပါ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။