MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

စပိန်လာလီဂါ ထိပ်တန်းကလပ်အသင်းကြီးဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ လက်စတာအသင်းရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်ကစားသမားဖြစ်သူ အမ်ဒီဒီကို ပြောင်းရွှေ့ကြေး ပေါင်(၅၄)သန်းနဲ့ ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ စပိန်မီဒီယာတွေအပြင် ဗြိတိန်ဒေသတွင်း သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ကစားသမား(၃)ဦးကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်ကိုသာ အမှန်တကယ် အလိုရှိနေတာဖြစ်ပြီး စတာလင်ကို လာမယ့် ဆောင်းစျေးကွက်အတွင်း ရာသီကုန်ထိ အငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုု ရရှိလို့နေတဲ့ မိုနာကို လူငယ်ကွင်းလယ်ကစားသမားလေး ချူအာမန်နီကို ချယ်လ်ဆီးအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး လီဗာပူးလ် မန်စီးတီး မန်ချက်စတာယူနိုက်တက်တို့လို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေအပြင် ရီးယဲလ်မက်ဒရစ် ဘိုင်ယန်မြူးနစ် ဂျုဗင်တပ်စ်အသင်းတွေနဲ့ပါ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ကစားရင်း စွမ်းဆောင်ရည်ကောင်းတွေကိုပါ ပြသလျက်ရှိနေတဲ့ အသက်(၂၁)နှစ်အရွှယ် လူငယ်ကွင်းလယ်ကစားသမားလေး ကော်နာဂယ်လာဂါဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် နောက်ခံကစားသမားကြီးဖြစ်သူ ကာဖူးက သူရဲ့ဂျူနီယာ ကစားသမားဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာဟာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းကစားသမား(၂)ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ထက် နည်းစနစ်ပိုင်းမှာ ပိုမိုကြွယ်ဝတဲ့ ကစားသမားဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။