MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် လတ်တလောမှာတော့ စပို့တင်းဘရာဂါအသင်းရဲ့ အသက်(၂၁)နှစ်အရွှယ်ရှိ ပေါ်တူဂီနောက်ခံကစားသမားလေး ဒေးဗစ်ကာမိုကို ခေါ်ယူသွားဖို့ စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ အန့်ဝပ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲကျင်းပမယ့်အချိန်ထက် အနည်းငယ်နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့မှုအတွက် အဓိကတာဝန်ရှိသူအဖြစ် ယူအီးအက်အေဘက်ကနေ သတ်မှတ်ခဲ့တာကြောင့် မော်ရင်ဟိုကို တစ်ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင်(၂၅၀၀၀) ငွေဒဏ်ကိုပါ ပူးတွဲဒဏ်ရိုက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသမားဟောင်းကာဆီးလက်စ်ကတော့ ဘောလုံးသမားဘဝကနေ အနားယူထားပြီဖြစ်ပေမယ့် သူသာ နည်းပြလောကထဲကို စတင်ခြေချလာခဲ့မယ်ဆိုရင်တော့ လက်ရှိရီးရဲလ်နည်းပြဇီဒန်း နည်းပြဟောင်းကြီးတွေဖြစ်တဲ့ ဒယ်ဘော့စကေးနဲ့ အန်စလော့တီတို့လို ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံယုံကြည်ကြည်နဲ့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အဓိကနောက်ခံကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက် ဂျိုးဂိုးမက်ဇ်တို့ ဒဏ်ရာပြသာနာဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အသက်(၃၁)နှစ်အရွှယ်ရှိ ဝက်ဖိုဒ့်အသင်း နောက်ခံကစားသမားဟောင်း ဂျန်းမတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အဒမ်ယာနူဇိုက်ဟာ လက်ရှိမှာတော့ စပိန်လာလီဂါပြိုင်ပွဲဝင်အသင်း ရီးရဲလ်ဆိုစီဒက်အသင်းမှာ ပါဝင်လျက်ရှိလို့နေပြီး သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။