MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမားဖြစ်သူ ဆာဂျီယိုဘူးစကတ်စ်က အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ဝါရင့် ညာနောက်ခံကစားသမားကြီး ဒန်နီအဲလ်ဗက်စ် ဘာစီလိုနာအသင်းဆီ ကာလတိုစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ ရောက်ရှိလာခြင်းအပေါ် ဝမ်းမြောက်လျက်ရှိနေပြီး ကောင်းမွန်တဲ့ ပြန်လည်ပူးပေါင်းမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။

ရိုးမားအသင်းရဲ့နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမား ဒါလော့ကို ခေါ်ယူသွားချင်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေချင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ကစားသမားခေါ်ယူမှုတွေ များစွာပြုလုပ်ထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ အသင်းရဲ့ စီနီယာ ကစားသမား(၆)ယောက်ခန့်လောက်ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိလို့နေပြီး လာကာဇက် အယ်လ်နီနီ ကိုလာစီနက် အန်ခယ်တီယာရှ် လေနိုနဲ့ ဘာလိုဂန်တို့ကို ရောင်းထုတ်နိုင်တယ်လို့ သိရပါတယ်။

မကြာသေးခင်ကမှ အက်စတွန်ဗီလာအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ နည်းပြစတီဗင်ဂျရတ်က သူရဲ့အသင်းဟောင်း ရိန်းဂျားစ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ရိုင်ယန်ကန့်ကို ဗီလာအသင်းဆီ ခေါ်ဆောင်သွားဖို့ အဆင့်သင့်ဖြစ်လို့နေပြီး လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ (၃)ယောက်တန်းခံစစ်ပိုင်းကို အင်အားတောင့်တင်းနေစေဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် ဗဟိုနောက်ခံကစားသမားဖြစ်သူ အက်ဒါမီလီတာအိုကို ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပစ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေဟာ မနေ့ညက ကာဇတ်စတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်းမှာ ပထမပိုင်း ပွဲကစားချိန်မှာပဲ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဒါဟာ ဘာပေအနေနဲ့ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်ဖြစ်ပြီး ပွဲအတွင်းမှာလည်း သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။