MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်က သူ့အနေနဲ့ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် ပွဲထွက်ပါဝင်ကစားခွင့်တွေ နည်းပါးလာဦးမယ်ဆိုရင် လာမယ့် အပြောင်းအရွှေ့စျေးကွက်တွေအတွင်း အသင်းကို စွန့်ခွာသွားတော့မယ်လို့ သိရပြီး ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာပဲ အသင်းပြောင်းဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဒိန်းမတ်နောက်ခံကစားသမား အန်ဒရီယက်စ်ခရစ္စတန်ဆန်ဟာ ဒီရာသီအတွင်း အသင်းရဲ့ အဓိက နောက်ခံလူတစ်ယောက်အဖြစ် ပွဲစဉ်ပေါင်းများစွာကို ပါဝင်ကစားထားရပေမယ့်လည်း သူရဲ့စာချုပ်ကိစ္စကို သက်တမ်းတိုးဖြစ်မဖြစ်က မသေချာသေးပဲ ရှိနေပြီး မတိုးဖြစ််ခဲ့ဘူးဆိုရင်တော့ ရာသီအကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဇာဗီဟာနန်ဒက်ဇ်ကတော့ လတ်တလောမှာ အသင်းကို စတင်တာဝန်ယူနေပြီဖြစ်သလို လာမယ့် ဆောင်းစျေးကွက်အတွင်းမှာလည်း အသင်းကို အင်အားပြန်ဖြည့်သွားဖို့အတွက် နွေစျေးကွက်အတွင်း ဝုလ်ဗ်အသင်းဆီ အငှားချထားခဲ့တဲ့ ပေါ်တူဂီလူငယ် တိုက်စစ်ကစားသမား ထရင်ကာအိုကို အသင်းဆီ ပြန်လည်ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက ကိုနာတေးတစ်ဦးတည်းကိုသာ အင်အားဖြည့်တင်းထားခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လာမယ့် ဆောင်းစျေးကွက်ထဲမှာ ကစားသမား(၃)ဦးခန့်ကို ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ဗီလာရီးယဲလ်အသင်းမှာ တောက်ပလျက်ရှိနေတဲ့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အာနတ်ဒန်ဂျူမားကို အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အခုချိန်ထိ အသင်းမှာ အံ့ဝင်ခွင်ကျ မဖြစ်သေးသလို ပွဲထွက်ကစားခွင့်လည်း နည်းပါးနေတဲ့ ဆာအူလ်က လာမယ့်ဆောင်းစျေးကွက်ထဲ အသက်လက်တီကိုအသင်းဆီ ပြန်သွားဖို့မရှိပဲ ချယ်လ်ဆီးမှာသာ နေရာတစ်နေရာ ရလာအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။