MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

talkSPORT ရဲ့ ဖော်ပြချက်တွေအရ လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံကစားသမား အီဘရာဟီမာကွန်နတေးကို ပြောင်းရွှေ့ကြေး ယူရို (၃၅)သန်း (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။ လီဗာပူးလ်နဲ့ ကွန်နတေးတို့ဟာ အပြောင်းအရွှေ့ ကောလဟာလတွေ အတော်လေးကို ထွက်ပေါ်နေတာဖြစ်ပြီး မကြာခင်မှာပဲ သူရဲ့အပြောင်းအရွှေ့က တရားဝင်ဖြစ်လာရနိုင်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ဘယ်အသင်းကိုပဲ ပြောင်းရွှေ့ပြောင်းရွှေ့ သူရောက်သွားတဲ့ ဘယ်ကလပ်အသင်းကိုမဆို ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်တတ်လို့ ဘာစီလိုနာဂိုးသမား တာစတီဂန်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာက သူတို့အသင်းအနေနဲ့ မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရခြင်းအပေါ် အလွန်ဝမ်းနည်းမိစွာ ခံစားနေခဲ့ရပေမယ့် တစ်သင်းလုံးက ရည်မှန်းချက်ရှိရှိနဲ့ ကြိုးစားအားထုတ်ပြီး ယှဉ်ပြိုင်ကစားခဲ့တဲ့အပေါ် ဂုဏ်ယူမိခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေများစွာ ရယူထားနိုင်ခဲ့တဲ့ နည်းပြအူနိုင်းအမ်မရီဟာ အခုလည်း လက်ရှိသူရဲ့ ကလပ်အသင်းဖြစ်တဲ့ ဗီလာရီးယဲလ်ကိုပါ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဗီလာရီးယဲလ်အသင်းဟာလည်း ကလပ်အသင်း သမိုင်းတလျှောက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

စီးရီးအေကလပ် ရိုးမားအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၈)ဂိုး(၅)ဂိုးနဲ့ ကျော်ဖြတ်လာခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းလာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၈ခုနှစ်နောက်ပိုင်းမှ ပထမဆုံးအကြိမ် ပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းခဲ့ရတာဖြစ်သလို နည်းပြဆိုးရှားရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံး ဗိုလ်လုပွဲတတ်ရောက်နိုင်ခြင်း ဖြစ်ခဲ့ရပါတယ်။