MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နယ်သာလန်ကလပ် ပီအက်စ်ဗွီအိုင်ဟို့ဗင်အသင်းမှာ ပါဝင်ကစားနေတဲ့ ကမ္ဘာ့ဖလားဆုရ ဂျာမန်ကွင်းလယ်ကစားသမား မာရီယိုဂေါ့ဇီက သူရဲ့ဘောလုံးသမားဘဝ အိမ်မက်တစ်ခုဟာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားရဖို့ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူရဲ့နည်းပြ အတွေ့အကြုံတွေအရ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲဟာ အခက်ခဲဆုံးပဲလို့ ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာက ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်နဲ့ ယှဉ်မယ်ဆိုရင် အခက်ဆုံးမဟုတ်ပဲ ဆီမီးဖိုင်နယ် ဒုကျော့ပွဲစဉ်ကသာ ပိုမိုခက်ခဲတယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းမှာ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာသာ လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲသွားမယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ပစ်မှတ်ထားလျက် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ်က ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ရွေ့ဆိုင်းခဲ့ရတဲ့အထိ ကွင်းအတွင်းထဲထိပါ ဆန္ဒပြခဲ့ကြတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ဦးနှောက်မရှိသူတွေဖြစ်သလို ပြသာနာရှာတတ်သူတွေလည်းဖြစ်တယ်လို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ပြင်သစ်လက်ရွေးစင်အသင်းအနေနဲ့ မကြာခင်မှာ စတင်ကျင်းပတော့မယ့် ယူရိုပြိုင်ပွဲကြီးအတွက် ရီးယဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြလျက်ရှိနေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာကို အသင်းရဲ့ လူစာရင်းအတွင်း ပြန်လည်ရွေးချယ်ထားသင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။