MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန်အသင်းရဲ့ ချီလီကွင်းလယ်ကစားသမားကြီး ဗီဒယ်ဟာ လက်ရှိမှာ အင်တာအသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်တာကြောင့် ၂၀၁၂ခုနှစ်ကနေ ၂၀၂၁ခုနှစ်ကာလအတွင်း စီးရီးအေ လာလီဂါနဲ့ ဘွန်ဒစ်လီဂါ အစရှိတဲ့ အမှတ်ပေးဆုဖလားပေါင်း (၉)ခုအထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

နယ်သာလန်ထိပ်သီး ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အေဂျက်စ်အသင်းဟာ မနေ့ညက လိဂ်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရလိုက်တာကြောင့် နယ်သာလန်အမှတ်ပေးချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။ အေဂျက်စ်ဟာ Dutch Eredivisie League ချန်ပီယံဆုကို (၃၅)ကြိမ်အထိ ရယူထားပြီး ချန်ပီယံဆု အများဆုံးရယူထားနိုင်ခဲ့တဲ့ အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။

ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်ဟာ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှ ကျောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအတွက် မရေမရာ ဖြစ်လာခဲ့ရပြီး အနားပေးရဖွယ် ရှိနေတယ်လို့ နည်းပြသောမတ်စ်တူဟယ်လ်က ပြောဆိုထားခဲ့ပါတယ်။

နယ်သာလန်ဂန္တဝင်ဂိုးသမားကြီး အက်ဒဝင်ဗန်ဒါဆားက သူအနေနဲ့ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ယခု အက်ဝုဒ်ဝက် တာဝန်ယူထားတဲ့ အသင်းရဲ့ အမှုဆောင်ချုပ်ရာထူးကို ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် အက်ဝုဒ်ဝက်ဆီကနေ လွဲပြောင်းတာဝန်ယူလိုကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Sky Sports ရုပ်သံမှာ ဘောလုံးပွဲ သုံးသပ်သူအဖြစ် တာဝန်ယူနေတဲ့ ရွိုင်ကိန်းက သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အနေနဲ့ ဝါရင့်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကိုသာ အသင်းမှာ ဆက်လက်ထားမယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို မေ့ထားနိုင်လို့ရပြီလို့ သတိပေးသွားခဲ့ပြီး ကာဗာနီထက် လူငယ်ကစားသမားတွေကိုပဲ နေရာပေးသင့်တယ်လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။