MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်အေဖလားချန်ပီယံ လက်စတာအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ် ဝါရင့်ဘယ်နောက်ခံကစားသမား ရိုင်ယန်ဘာထရန်ကို ခေါ်ယူသွားဖို့ အခြေအနေ အကောင်းဆုံးဖြစ်နေပြီလို့ သိရှိရပါတယ်။ ဘာထရန်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ လက်စတာက အာဆင်နယ်ဦးပြီး ဘာထရန်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလို့နေတဲ့ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား စိန့်မက်စီမန်ရဲ့ တန်ကြေးကို ပေါင်သန်း(၅၀)အဖြစ် သတ်မှတ်ကြောင်း နယူးကာဆဲလ်ယူနိုက်တက်အသင်းဘက်ကနေ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။ လက်ရှိမှာ မက်စီမန်ကို ရိုးမားအသင်းဘက်ကနေ စိတ်ဝင်စားလျက် ရှိလို့နေပါတယ်။

လီဗာပူးလ်အသင်းဟာ အသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်းရဲ့နေရာမှာ ကောလဟာလတွေ ထွက်ပေါ်နေသလို ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားနဲ့ အစားထိုးသွားမှာမဟုတ်ဘူးလို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ လတ်တလောမှာတော့ လီဗာပူးလ်အသင်းဟာ လက်စတာကွင်းလယ်လူ တီလေမန်းစ်ကို စိတ်ဝင်စားလို့နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းကနေ ရုတ်တရက် ထွက်ခွာလို့သွားတဲ့ နည်းပြဇီဒန်းရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် မကြာသေးခင်ကမှ အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်သွားခဲ့တဲ့ နည်းပြကွန်တီကို ခေါ်ယူသွားချင်နေပြီး နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ စပိန်နောက်ခံကစားသမား လာပေါ့တ်က အသင်းရဲ့ခံစစ်မှာ ရူဘင်ဒီယက်စ်နဲ့ ဂျွန်စတုန်းစ်တို့ ပွဲထွက်ခွင့် ပိုများလာရခြင်းကြောင့် သူရဲ့ပွဲထွက်ကစားခွင့်က အကန့်အသတ်နဲ့သာ ရှိလာနိုင်တဲ့အတွက် မန်စီးတီးအသင်းဟာ သူရဲ့အနာဂတ် ဆက်ရှိနေဖို့က မသေချာတော့ဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။