MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်ရှိမှာ အသင်းနည်းပြသစ် ခန့်အပ်ဖို့အတွက် မဖြစ်မနေ လိုအပ်လို့နေတဲ့ စပါးအသင်းဟာ မနေ့ကပဲ အင်တာမီလန်အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ အီတလီလူမျိုးနည်းပြ အန်တိုနီယိုကွန်တီကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပြီး နည်းပြဟောင်း ပိုချက်တီနိုနဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Sky Sports သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အာဆင်နယ်အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေတဲ့ ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် ရိုးမားအသင်းဘက်က ကမ်းလှမ်းချင်နေတဲ့ ပြောင်းရွှေ့ကြေးထက် အာဆင်နယ်ဘက်ကနေ (၂)ဆနီးပါးလောက်ကို အလိုရှိနေပါတယ်။

လာမယ့်နွေစျေးကွက်မှာ အသင်းရဲ့ စပိန်ဂိုးသမား ကယ်ပါအာရီဇာဘလာဂါကို အသင်းကနေ ရောင်းထုတ်သွားတော့မယ့် ချယ်လ်ဆီးအသင်းဟာ ကယ်ပါရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အေစီမီလန်နဲ့ လက်တွဲဖြုတ်သွားတော့မယ့် အီတလီဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အန်တိုနီယိုကွန်တီရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီကို စိတ်ဝင်အစားဆုံးဖြစ်နေသလို အင်ဇာဂီမှာလည်း လာဇီယိုအသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တာကြောင့် မကြာခင်မှာပဲ အင်တာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။

လန်ဒန်မြို့ခံ ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ မိုချန်ဂလာဘတ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုးနပ်စ်ဟော့ဖ်မန်းကို အပြိုင်ကမ်းလှမ်းသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ ဂျာမန်တိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းဝန်းကျင်လောက်နဲ့သာ ကမ်းလှမ်းလို့ရမယ့် အနေအထားဖြစ်လို့ အသေအချာကို အပြိုင်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။