MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်းဟာ မကြာခင်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းတိုးတော့မှာမဟုတ်ပဲ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကိုယ်တိုင် ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ ဝိုင်နယ်ဒန်းဟာ လတ်တလောမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

လက်စတာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ Top 4 နေရာကို ရက်ပိုင်း (၃၂၅)ရက်အထိကြာအောင် ရယူထားနိုင်ခဲ့ပေမယ့် ရာသီအကုန်မှာ အဆင့်(၅)ပဲ ရသွားခဲ့သလို ဒီရာသီမှာလည်း Top 4 အတွင်း ရက်ပိုင်း (၂၄၂)ရက်အကြာအထိ ရပ်တည်ထားနိုင်ပေမယ့် ရာသီသိမ်းချိန်းမှာတော့ အဆင့်(၅)ကိုသာ ဆင်းခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းကို ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျာမနီတိုက်စစ်ကစားသမား တီမိုဝါနာဟာ ဒီရာသီမှာ အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၂၇)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပေမယ့်လည်း အဲ့ဒီထဲကမှ (၁၂)ဂိုးကိုသာ တကယ့်သွင်းဂိုးတွေအဖြစ် ရယူနိုင်ခဲ့ပြီး ကျန်တဲ့(၁၅)ဂိုးကတော့ VAR (သို့) ဒိုင်တွေရဲ့ အဆုံးအဖြတ်နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ဝါရင့် အာဂျင်တီးနားနည်းပြကြီး မာဆယ်လိုဘီယဲလ်ဆာရဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တတ်လာနိုင်ခဲ့တာဖြစ်ပေမယ့် အဆင့်(၉)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့သလို စုစုပေါင်းရမှတ် (၅၉)မှတ်အထိ ရယူနိုင်ခဲ့တာကြောင့် ၂၀၀၀-၂၀၀၁ ဘောလုံးရာသီနောက်ပိုင်း တန်းတတ်အသင်းတွေထဲကမှ ရမှတ်အများဆုံး ရှာဖွေနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။

စပါးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက်သွားဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆုံတွေ့ဖို့ကိုပါ စီစဉ်ထားပြီလို့ သိရှိရပါတယ်။ ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ စပါးအသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ ပါဝင်ကစားနေသူလည်းဖြစ်ပြီး သူရဲ့အငှားစာချုပ်က ကုန်ဆုံးတော့မှာဖြစ်ပါတယ်။