MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးရဲ့ သမိုင်းတလျှောက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသခဲ့ကြတဲ့ ကစားသမားတွေကို စုစည်းရွေးချယ်သွားမယ့် Premier League Hall of Fame စာရင်းထဲကို နဂိုကတည်းက ရွေးချယ်ခံထားရတဲ့ အလန်ရှီးယား သီယာရီအွန်နရီတို့အပြင် မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ အဲရစ်ကန်တိုနာနဲ့ ရွိုင်းကိန်းတို့ပါ ထပ်မံပါဝင်လာခဲ့ပါတယ်။

ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ မားကို့စ်ရူးစ်က သူအနေနဲ့ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ မကြာခင်မှာ ကျင်းပသွားတော့မယ့် ယူရို-၂၀၂၀ ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲနိုင်တော့မှာ မဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသမားစတီဂန်မှာလည်း ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူဖို့အတွက် ဂျာမနီအသင်းကနေ နုတ်ထွက်ထားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းရဲ့ နော်ဝေကြေယ်ပွင့် ကွင်းလယ်တိုက်စစ်ကစားသမားလေး မာတင်အိုဒီဂတ်က လက်ရှိမှာ သူအနေနဲ့ အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေတယ်ဆိုပေမယ့်လည်း သူရဲ့အနာဂတ်ကတော့ သူရဲ့မိခင်ကလပ်ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ် လက်ထဲမှာသာ ရှိလို့နေတာကြောင့် ရီးယဲလ်ဘက်ကနေ သူ့အနာဂတ်နဲ့ပတ်သက်ပြီး အလျင်အမြန် ဆုံးဖြတ်သွားဖို့လိုတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်နဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ဟော့ဆန်ရဲ့နေရာမှာ နည်းပြသစ် ပြန်လည်ခန့်အပ်ဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်ကို စိတ်ဝင်စားလျက် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပါဝင်ကစားဖြစ်ခဲ့တဲ့ ပြိုင်ပွဲစုံအတွင်းမှာ မကြာခဏ လူကျွံနေတတ်ပြီး တစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ လူကျွံဘောဖြစ်မှုက (၄၁)ကြိမ်အထိ ရှိထားခဲ့တာကြောင့် ဒီပမာဏက ပရီးမီးယားလိဂ်က ကစားသမားအားလုံးထဲမှာ အမြင့်မားဆုံး ဖြစ်နေရပါတယ်။

၂၀၁၅ အောက်တိုဘာလနောက်ပိုင်းကတည်းက Sex Tape ကိစ္စရပ်ကြောင့် ပြင်သစ်လက်ရွေးအသင်းမှာ လုံးဝကို ရွေးချယ်ခံရခြင်းမရှိတော့တဲ့ ရီးယဲလ်တိုက်စစ်မှူး ကာရန်ဘန်ဇီမာကို လက်ရှိအချိန်မှာတော့ ပြင်သစ်နည်းပြ ဒေ့ရှောင်ကနေ ပြင်သစ်အသင်းအတွက် ပြန်လည်ရွေးချယ်လိုက်ပြီဖြစ်တာကြောင့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ ဘန်ဇီမာကို ပြင်သစ်အသင်းနဲ့အတူ ပြန်လည်မြင်တွေ့သွားရတော့မှာဖြစ်ပါတယ်။