MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုအန်လာပေါ်တာက ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းရဲ့နည်းပြဖြစ်တဲ့ ရော်နယ်ကိုးမန်းကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်သွားဖို့ လုံးဝကို သေချာသလောက် ရှိနေပြီလို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ကိုးမန်းဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် ကိုပါဒယ်ရေးဖလားတစ်လုံးတည်းကိုသာ ရယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂျာမန်ဂိုးသမားလေနိုက လတ်တလောမှာ ထွက်ပေါ်နေတဲ့ ကောလဟာလတွေအတိုင်း အာဆင်နယ်နဲ့ လမ်းခွဲသွားမှာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ရှိနေမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လေနိုက အသင်းအနေနဲ့ ဥရောပဝင်ခွင့်မရခဲ့ရင်လည်း သူကတော့ အာဆင်နယ်မှာပဲ ဆက်ရှိသွားမယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ရိုးမားအသင်းရဲ့ ဘော့စနီယား ဝါရင့်တိုက်စစ်ကစားသမားကြီး အီဒင်ဂျက်ကိုဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရိုးမားကနေ ထွက်ခွာပြီး အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်ခုခုစီ ပြောင်းရွှေ့ချင်နေပြီး သမီးဖြစ်သူ ကောလိပ်တတ်နေတဲ့ ကာလီဖိုးနီးယားဒေသနဲ့ အနီးဆုံးကလပ်အသင်းဖြစ်တဲ့ လော့အိန်ဂျယ်လိစ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာတွေကြောင့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပွဲအနည်းငယ်ပဲ ကစားနိုင်ခဲ့သလို သွင်းဂိုး(၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲမယ့် ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လူစာရင်းအတွက် ရွေးချယ်ခံလိုက်ရပါတယ်။

အီတလီလက်ရွေးစင် နည်းပြဖြစ်တဲ့ ရောဘတ်တိုမန်ချီနီက အီတလီအသင်းနဲ့အတူ စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်တာကြောင့် အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးအပြင် ဆက်တိုက်ကျင်းပသွားဖို့ ရှိနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယူရို-၂၀၂၄ပြိုင်ပွဲတွေအပြင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအထိပါ အီတလီအသင်းကို ဆက်တိုက်ကိုင်တွယ်ရတော့မှာဖြစ်ပါတယ်။