MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြီးခဲ့တဲ့ နွေရာသီကမှ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလီယံဟာ အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးချိန်မှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာသွားဖို့ စဉ်းစားလာခဲ့ပြီး အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် အသင်းဖော် ဒေးဗစ်လူးဝစ်ဇ်နဲ့အတူ မေဂျာလိဂ် ဘောလုံးအသင်းတွေဆီ ပြောင်းရွှေ့ကစားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီဟာ ဆယ်လ်တာဗီဂိုနဲ့ ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်အတွင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် သူရဲ့ဒီရာသီ လာလီဂါသွင်းဂိုးက ဂိုး(၃၀)ပြည့်ခဲ့ရကာ ဘောလုံးရာသီ (၉)ခုအတွင်း လိဂ်သွင်းဂိုး (၃၀)နဲ့အထက် သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်အပြင် ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်တွေအားလုံးကိုပါ လွဲချော်သွားရတော့မှာဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ ဒူးဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူသွားရတော့မယ့် သူတို့အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ အင်တာတိုက်စစ်မှူးဟောင်း အီကာဒီကို ခေါ်ယူချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း အီတလီကို ပြန်လာချင်နေပါတယ်။

ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နောက်ကျအနိုင်သွင်းဂိုးကို ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တဲ့ ဂိုးသမားအယ်လီဆန်ဘတ်ကာရဲ့ သွင်းဂိုးကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ကမ္ဘာ့အဆင့်ရှိတဲ့ သွင်းဂိုးလို့ သတ်မှတ်ခဲ့သလို အယ်လီဆန်ကိုယ်တိုင်ကလည်း ဒီဂိုးဟာ သေဆုံးသွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို ရည်ရွှယ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။