MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မောင့်ပယ်လီယာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြင်သစ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရမှုကြောင့် မိုနာကိုနဲ့ ယှဉ်ပြိုင်သွားရမယ့် ပြင်သစ်ဖလား ဗိုလ်လုပွဲကို ပွဲပယ်ပြစ်ဒဏ်နဲ့ ပါဝင်ကစားခွင့်မရှိတော့တဲ့ ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာက ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ချမှုတွေနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

အင်တာမီလန်အသင်းမှာ နည်းပြအန်တိုနီယိုကွန်တီနဲ့ အဆင်မပြေမှုတွေ ရှိနေရတဲ့ အာဂျင်တီးနားကြယ်ပွင့် တိုက်စစ်ကစားသမားလေး လော်တာရိုမာတီနက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းကနေ ပစ်မှတ်ထားလာခဲ့ပြီး အသင်းဘဏ္ဍာရေးပိုင်း အကျပ်အတည်းတွေကြောင့် ရီးယဲလ်ဘက်ကနေသာ မာတီနက်ဇ်ကို အသေအချာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်သွားရဖွယ် ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရူးစ်ကတော့ ကိုဗစ်ပိုး ကူးစက်နေသူတစ်ယောက်နဲ့ တိုက်ရိုက်ထိစပ်မိခဲ့တာကြောင့် တစ်ဦးတည်း သီးသန့်နေထိုင်သွားရတော့မှာဖြစ်ပြီး ဘီလ်ဘာအို ဗီလာရီးယဲလ်အသင်းတွေနဲ့ ဆက်တိုက်ကစားရမယ့် ရာသီအပိတ်ပွဲအားလုံးကို လွဲချော်ရဖွယ် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲသွားတော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် စပါးတိုက်စစ်မှူး ဟာရီကိန်း ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် အာလင်းဟာလန်း အင်တာမီလန် တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်နဲ့ ဖရန့်ဖတ်မှာ ခြေစွာနေတဲ့ အန်ဒရီဆေးဗားတို့ကို ပစ်မှတ်ထားလို့နေပါတယ်။

လတ်တလောမှာ ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သူရဲ့မိခင် ပြောဆိုလိုက်တဲ့ စကားတွေကြောင့် အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းနဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ကတော့ သူရဲ့ကစားသမားက ပေါ်တူဂီကို ပြန်သွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။