MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းရဲ့ ဂိုးသမားဖြစ်သူ အယ်မီမာတီနက်ဇ်ဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပေးဂိုးမရှိခဲ့တဲ့ ပွဲအရေအတွက်ပေါင်းက (၁၅)ကြိမ်အထိ ရှိလာခဲ့တာကြောင့် ဗီလာအသင်းရဲ့ အမေရိကန် ဂိုးသမားဟောင်းကြီး ဘရတ်ဖရီဒယ်ရဲ့ စံချိန်ကိုပါ လိုက်မီသွားနိုင်ခဲ့သလို စံချိန်သစ်ပါ ရေးထိုးနိုင်ဖွယ် ရှိနေပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ သူရဲ့လီဗာပူးလ်နည်းပြဘဝ မန်ချက်စတာယူနိုက်တက်အသင်းကို သူတို့ရဲ့အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဝင်ခွင့်ရဖို့အတွက် မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာလည်း အသင်းနည်းပြ ရော်နယ်ကိုးမန်းကိုသာ ဆက်လက်တာဝန်ပေးသွားမယ်ဆိုရင် နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းက လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ သေချာပေါက် ရောက်ရှိလာလိမ့်မယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝမရှိသေးပဲ အိမ်ကွင်းမှာ (၆)ပွဲအထိကို ရှုံးနိမ့်ထားခဲ့ရပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ နဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွေရဲ့ စုစုပေါင်း အိမ်ကွင်းရှုံးပွဲ အရေအတွက်ထက်ကို ရှုံးပွဲ(၁)ပွဲ ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။

အေစီမီလန်အသင်းဟာ လက်ရှိမှာ အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားလေး ဘရာဟင်ဒီယက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းကနေ နောက်ထပ်တစ်ရာသီခန့် ထပ်မံအငှားနဲ့ ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း မီလန်မှာပဲ ဆက်လက်ရှိနေချင်နေပါတယ်။