MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၉ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မိုနာကိုအသင်းရဲ့ ခရိုအေးရှားဂိုးသမားဖြစ်သူ ဆူဘာဆစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မိုနာကိုနဲ့ လမ်းခွဲတော့မယ်လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၅)နှစ်အရွှယ် ရှိပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားကြီး ဆူဘာဆစ်ဟာ မိုနာကိုအသင်းမှာ ၂၀၁၂ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း လီဂူးဝမ်းချန်ပီယံဆုဖလားကို (၂)ကြိမ်တိုင်တိုင် ဗိုလ်စွဲခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမားလေးနဲ့ပတ်သက်ပြီး အေဂျက်စ်အသင်းရဲ့ အမှုဆောင်ချုပ် ဂိုးသမားဟောင်းကြီး အက်ဒဝင်ဗန်ဒါဆားက သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို စျေးပေါပေါနဲ့ ဘယ်အသင်းကိုမှ ရောင်းချသွားမှာမဟုတ်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး(၂)ဦးဖြစ်တဲ့ ဂိုးသမားဒင်းဟန်ဒါဆန်နဲ့ ဘယ်နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်တို့အတွက် စာချုပ်သစ်များ ကမ်းလှမ်းထားကြတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဂိုးသမားဟန်ဒါဆန်ကိုတော့ လာမယ့်ရာသီအထိ ရှက်ဖီးယူနိုက်တက်မှာပဲ ဆက်လက်အငှားချထားဖွယ်ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ချယ်လ်ဆီးနဲ့အပြိုင် လက်စတာဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပေမယ့်လည်း မန်စီးတီးရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်က မရေမရာသာဖြစ်နေသေးတာကြောင့် ကစားသမားအနေနဲ့ စီးတီးထက် ချယ်လ်ဆီးကိုသာ ရွေးချယ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ အသင်းရဲ့ နံပါတ်(၁၀)နေရာအတွက် ငွေကြေးသုံးစွဲမှုများစွာနဲ့ ကစားသမားအင်အားသစ် ဖြည့်တင်းသင့်တယ်လို့ အသင်းရဲ့ကစားသမားဟောင်း ရေးပါလာက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်နွေစျေးကွက်မှာ လက်ရှိ အသင်းရဲ့ နံပါတ်(၁၀)ကစားသမားဖြစ်သူ အိုဇေးနဲ့ လမ်းခွဲဖို့ သေချာသလောက်ကို ရှိနေပြီဖြစ်ပါတယ်။