MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရိုးမားအသင်းရဲ့ နည်းပြသစ် ဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းသစ်အတွက် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီလက်ရွေးစင် ဂိုးသမား ရူအီပက်ထရစ်စီယိုကို ခေါ်ယူသွားချင်နေတယ်လို့ Sky Italia ကနေ ဖော်ပြလာခဲ့ပါတယ်။ မော်ရင်ဟိုဟာ အသက်(၃၃)နှစ်အရွှယ် ဂိုးသမားအတွက် ပြောင်းရွှေ့ကြေး ယူရို(၈)သန်းနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

ဝါရင့်နည်းပြကြီး ရွိုင်းဟော့ဆန်နဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လစ်လပ်နေတဲ့ အသင်းရဲ့ နည်းပြရာထူးအတွက် ဝုလ်ဗ်အသင်းနဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီလူမျိုးနည်းပြ နူနိုဆန်းတို့စ်နဲ့ အစားထိုးသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပြီး နူနိုဆန်းတို့စ်ဘက်ကနေ လက်ခံသွားဖွယ် ရှိနေတယ်လို့လည်း The Telegraph ကနေ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး စမစ်ရိုးအတွက် ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းလို့ထားပြီး ကစားသမားဘက်ကလည်း သက်တမ်းတိုးသွားဖို့ အသင့်ရှိလို့နေပါတယ်။ ဒါပေမယ့် ဒီနွေမှာတော့ ဝီလီယံ ချာကာ မီလန်နိုင်းစ်နဲ့ ဂွန်ဒူဇီတို့ကတော့ အာဆင်နယ်ကနေ အသီးသီးထွက်ခွာကြဖွယ်လည်း ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီသစ် မစတင်ခင် ရာသီကြိုပြင်ဆင်မှုတစ်ရပ်အနေနဲ့ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် နည်းပြအဖြစ် ကိုင်တွယ်လို့နေတဲ့ ရိန်းဂျားစ်အသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ခြေစမ်းပွဲကျင်းပသွားဖို့ စီစဉ်လျက်ရှိနေပြီး ဂျရတ်ရဲ့ရိန်းဂျားစ်အသင်းကတော့ မနှစ်က ဘောလုံးရာသီအတွင်း ရှုံးပွဲမရှိစံချိန်နဲ့ စကော့အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

နည်းပြလစ်လပ်လို့နေတဲ့ လာဇီယိုအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အလွန်နီးစပ်လို့နေတဲ့ ဝါရင့်နည်းပြကြီး မာရီဇီယိုဆာရီက လာဇီယိုအသင်းကို ကိုင်တွယ်ခွင့်ရဖြစ်ခဲ့မယ်ဆိုရင် သူရဲ့အသင်းဟောင်း ချယ်လ်ဆီးက အင်္ဂလန်ကွင်းလယ်ကစားသမား ရူဘင်လော့တပ်ချိဖ်ကို ဦးစားပေးခေါ်ယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲရလဒ်များ

ပြင်သစ် 3-0 ဘူဂေးရီးယား
စပိန် 4-0 လစ်သူယေးနီးယား
ချက် 3-1 အယ်ဘေးနီးယား
ဟန်ဂေရီ 0-0 အိုင်ယာလန်
မော်ရိုကို 1-0 ဂါနာ
ဆီနီဂေါ 2-0 ကိတ်ဗာဒီ
ပိုလန် 2-2 အိုက်စလန်
ကင်မရွန်း 0-0 နိုင်ဂျီးရီးယား