MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

နာမည်ကျော် ဘောလုံးသမား အပြောင်းအရွှေ့သတင်းထောက်ကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အေစီမီလန်အသင်းရဲ့ အီတလီဂိုးသမားဖြစ်သူ ဒွန်နာရမ်မာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး မကြာခင်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာက ကောလဟာလသတင်းတွေ ထွက်ပေါ်နေသလို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို ပြန်သွားမှာမဟုတ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့သလို လက်ရှိ ဘာစီလိုနာအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြရော်နယ်ကိုးမန်းသာ အသင်းမှာ ဆက်လက်နည်းပြဖို့ ထိုက်တန်မှုရှိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဘောလုံးသမားတွေဖြစ်ကြတဲ့ ဂိုးသမားဟန်နက်ဆီ နောက်ခံလူတွေဖြစ်တဲ့ ဂယ်ရီကာဟေး ကလိုင်း စကော့ဒန်း မာမာဒူဆာခို ပက်ထရစ်ဗန်အန်ဟော့ ကွင်းလယ်ကစားသမား ဂျိမ်းစ်မက္ကာသီနဲ့ တောင်ပံကစားသမား အန်ဒရိုစ်တောင်ဆန်တို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ်လီဗိုင်းက အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဟာရီကိန်းကို ပြောင်းရွှေ့ကြေးသီးသန့်နဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားဖို့အတွက် စဉ်းစားသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ကစားသမားတချို့ အလိုက်ပေးကမ်းလှမ်းလာမှုကိုတော့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သိရှိရပါတယ်။

နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲရလဒ်များ

ဂျာမနီ 7-1 လတ်ဗီယား
ယူကရိန်း 4-1 ဆိုက်ပရပ်စ်
ဆာဘီးယား 1-1 ဂျာမေကာ
အန်ဒိုရာ 0-0 ဂျီဘရော်တာ
ဖာရိုးကျွန်းစုများ 5-1 လက်ချင်စတိန်း