MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်လက်ရွေးစင် နောက်ခံကစားသမား လာပေါ့တ်ကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူသွားချင်နေပြီး လာပေါ့တ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ရာမှာလည်း အသင်းရဲ့ ကစားသမား ဆာဂျီရောဘတ်တိုကိုပါ အပြောင်းအရွှေ့ တစိတ်ပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းလာဖွယ်ပါ ရှိနေပါတယ်။

နော်ဝစ်ချ်စီးတီးအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့် ကွင်းလယ်ကစားသမား ဘွမ်ဒီယာကို ခေါ်ယူသွားနိုင်တော့မယ့် အက်စတွန်ဗီလာအသင်းဟာ နောက်ထပ်ကစားသမားသစ် တစ်ဦးအဖြစ် ဆောက်သမ်တန်အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ်ဝက်ပရောက်စ်ကိုပါ ထပ်မံပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်သူ ကားလို့အန်စလော့တီက သူရဲ့ပထမဆုံး ကစားသမားခေါ်ယူမှုအနေနဲ့ ဆီဗီလာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒယ်ကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ ဆီဗီလာရဲ့ ကြယ်ပွင့်ကစားသမား ခွန်ဒယ်ဟာ ဒီနှစ်နွေအတွင်းမှာပဲ အသင်းပြောင်းချင်နေတာကြောင့် သူ့ကို ရီးယဲလ်အပါအဝင် ကလပ်အသင်းများစွာက ပစ်မှတ်ထားနေပါတယ်။

လက်စတာစီးတီးအသင်းရဲ့ သမိုင်းဝင်အောင်မြင်မှုကြီးတစ်ခုဖြစ်တဲ့ ပရီးမီယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့နှစ်မှာ အသင်းအတွက် အဓိကနေရာကနေ ပါဝင်ကစားပေးခဲ့သူတွေဖြစ်တဲ့ နောက်ခံလူ ဝက်စ်မော်ဂန်နဲ့ နောက်ခံအစွန်လူ ခရစ္စတီယန်ဖျူစ့်တို့ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ လက်စတာအသင်းနဲ့ လက်တွဲဖြုတ်သွားတော့မှာ သိရှိရပါတယ်။

အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဘွမ်ဒီယာကို လက်လွတ်လိုက်ရတဲ့ အာဆင်နယ်အသင်းဟာ နောက်ထပ်ကွင်းလယ်လူတစ်ဦးအဖြစ် ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ နေးဗက်စ်အတွက် အနည်းဆုံး ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းရဖွယ်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းချင်နေပါတယ်။