MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် တန်းတတ်လာခဲ့တဲ့ နောဝစ်ချ်စီးတီးအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့်ကစားသမား အီမီလီယာနိုဘွမ်ဒီယာကို ခေါ်ယူသွားဖို့ အခြေအနေကောင်းလာခဲ့ပြီဖြစ်ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀) အပါအဝင် အပိုဆုကြေးတချို့နဲ့ ကမ်းလှမ်းထားတယ်လို့လည်း သိရှိရပါတယ်။

အသင်းရဲ့နည်းပြဖြစ်သူ ဆီမြွန်နီအင်ဇာဂီနဲ့ လက်တွဲဖြုတ်ထားခဲ့ရတဲ့ လာဇီယိုအသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် နာပိုလီ ချယ်လ်ဆီးနဲ့ ဂျုဗင်တပ်စ်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ ဝါရင့်အီတလီနည်းပြကြီး မာရီဇီယိုဆာရီကို အစားထိုးခန့်အပ်ဖို့အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို လက်စတာစီးတီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း နည်းပြတူဟယ်လ်လက်အောက်မှာ နေရာရဖို့ မလွယ်နိုင်တော့တာကြောင့် ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေပါတယ်။

ဒီနှစ်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကနေ ရောင်းထုတ်သွားနိုင်ဖွယ်ရှိတဲ့ ကစားသမားစာရင်းကို ထုတ်ပြန်လာခဲ့ရာ မနှစ်ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘော့စနီးယားကွင်းလယ်လူ ပီယာနစ် ပေါ်တူဂီလူငယ်ကြယ်ပွင့် ကစားသမား ထရင်ကာအို ကွင်းလယ်ဗဟို ကစားသမား မက်သရူးဖာနန်ဒက်စ်နဲ့ ညာနောက်ခံလူ ဂျူနီယာဖယ်လ်ပိုတို့ ပါဝင်လို့နေပါတယ်။

Manchester Evening News ရဲ့ သတင်းထုတ်ပြန်လာချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ စပါးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ စပါးအသင်းဘက်ကလည်း သူတို့ကစားသမားကို ရောင်းချသွားချင်နေပြီး ပေါင်(၂၅)သန်းခန့်နဲ့ အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။