MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၅ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာတောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူက လာမယ့်နွေစျေးကွက်မှာ သူရဲ့ကစားသမားအနေနဲ့ ဘာစီလိုနာကနေ စွန့်ခွာသွားလိမ့်မယ်လို့ မထင်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာ ဒမ်ဘီလီကို လီဗာပူးလ် ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘရာဇီးနောက်ခံကစားသမားဟောင်းကြီးဖြစ်တဲ့ ရောဘတ်တိုကားလို့စ်က လက်ရှိ ရီးရဲလ်အသင်းရဲ့ ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်အနေနဲ့ စိတ်ရှည်သည်းခံပြီး ရီးရဲလ်မှာပဲ ဆက်လက်ကစားသင့်သလို နည်းပြဇီဒန်းကလည်း သူ့ကို လေးစားမှုထားတဲ့အတွက် အသင်းမှာ နေရာပြန်ရလာနိုင်တယ်လို့ သုံးသပ်ပြောဆိုလို့သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်က သူရဲ့အသင်းဖော် ပေါလ်ပေါ့ဘာဟာ ဒဏ်ရာပြသာနာတွေကြောင့် အသင်းနဲ့ ပွဲထွက်ကစားခွင့်တွေ နည်းပါးနေပေမယ့် အသင်းရဲ့ အကောင်းဆုံးကစားသမား ဖြစ်နေဆဲပဲလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လင်ဂတ်နဲ့ပေါ့ဘာတို့နှစ်ယောက် ယူနိုက်တက်အကယ်ဒမီမှာကတည်းက အတူတွဲဖက်ကစားဖူးသူတွေဖြစ်ပါတယ်။

လတ်တလောမှာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်လျက်ရှိနေတဲ့ အင်တာမီလန် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ဘာစီလိုနာနဲ့အပြိုင် ရီးရဲလ်မက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ဘာစီကို မရောက်ခင် မာတီနက်ဇ်ကို အပြိုင်ကမ်းလှမ်းဖို့ရှိနေတယ်လို့ Sky Italia ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ကြွက်သားဒဏ်ရာ ခံစားနေရတာကြောင့် ဒီရက်ပိုင်းအတွင်းကမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေအတွင်း ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးလို့ စပိန်ရေဒီယိုတစ်ခုကနေ ထုတ်ပြန်ကြေညာခဲ့သလို မာယော့ကာနဲ့ပွဲကိုပါ လွဲချော်ရဖွယ်ရှိနေပါတယ်။