MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၅ရက်နေ့ မနက်၉နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

(၈)နှစ်တာကာလအတွင်း အသင်းအတွက် (၄)ပွဲသာ ပါဝင်ကစားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဗန်ဂျင်ကယ်ဟာ အခုဆိုရင် ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ဝီလီကာဘယ်လ်ရိုမှာ အသင်းနဲ့ ဒီနှစ်နွေမှာပဲ လက်တွဲဖြုတ်သွားတော့မှာဖြစ်ပါတယ်။

ရီးယဲလ်ဘက်တစ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးညာနောက်ခံလူ အသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် ဘာစီလိုနာ ညာနောက်ခံကစားသမားလေး ဆာဂျီနိုဒက်စ်အနေနဲ့ လာမယ့်ဘောလုံးရာသီအတွင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးရနိုင်ဖွယ်ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတချို့ကနေ ခန့်မှန်းသုံးသပ်နေကြပါတယ်။

စပါးအသင်းရဲ့နည်းပြဟောင်းဖြစ်သူ ဟိုဆေးမော်ရင်ဟိုက သူရဲ့တပည့်ဟောင်း တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ကစားသမားဘဝအတွင်း ဆုဖလားတွေနဲ့ အလှမ်းဝေးနေခဲ့ရမှုကြောင့် လာမယ့်ယူရို-၂၀၂ဝပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားကို အရယူဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားမှာ သေချာနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ လူးဝစ်အင်းနရစ်က သူတို့အသင်းအနေနဲ့ တိုက်စစ်ပိုင်းမှာ ဒီထက်ပိုပြီး တိုက်စစ်စွမ်းရည် ဂိုးသွင်းစွမ်းရည် ထက်မြက်နေဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ စပိန်အသင်းဟာ ပေါ်တူဂီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့ရတဲ့ ခြေစမ်းပွဲမှာ ခံစစ်ပိုင်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ပေမယ့် တိုက်စစ်ကတော့ သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲရလဒ်များ
စပိန် 0-0 ပေါ်တူဂီ
အီတလီ 4-0 ချက်
နိုင်ဂျီးရီးယား 0-1 ကင်မရွန်း
ဖင်လန် 0-1 အက်စ်တိုးနီးယား
ဆလိုဗေးနီးယား 6-0 ဂျီဘရော်တာ
ဟန်ဂေရီ 1-0 ဆိုက်ပရပ်စ်