MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ယူ-၂၁ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပေါ်တူဂီယူ-၂၁အသင်းနဲ့ ဂျာမနီယူ-၂၁အသင်းတွေက နိုင်ပွဲတွေကိုယ်စီ ရယူနိုင်ခဲ့တာကြောင့် ဒီအသင်း(၂)သင်းဟာ လာမယ့်(၇)ရက်နေ့မှာပဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ချန်ပီယံ လုံးဝမဖြစ်ဖူးသေးတဲ့ ပေါ်တူဂီတို့ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာဖို့ ရေပန်းစားလျက် ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွေ့သွားခဲ့ပြီဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးနေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်ကစားသမားတစ်ယောက်ကို ရှာဖွေလျက်ရှိနေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဖရန့်ဖတ်အသင်းမှာ ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး အန်ဒရီဆေးဗားကို ပစ်မှတ်ထားလာခဲ့တဲ့အပြင် အပြောင်းအရွေ့ အထမြောက်လာစေဖို့အတွက် ကစားသမားရဲ့အေးဂျင့်ပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

နွေစျေးကွက်အတွင်းမှာ ခပ်သွက်သွက် ဝင်ရောက်လှုပ်ရှားလို့နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာလည်း သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ နယ်သာလန်တိုက်စစ်မှူး မန်ဖစ်ဒီပိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့အတွက် အဆင်ပြေနိုင်ခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ ဒီအပြောင်းအရွှေ့ကို ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန်တောင်ပံကစားသမား လူးကပ်စ်ဗက်ဇ်ကေးဟာ သတင်းတွေ ထွက်ပေါ်နေသလို အသင်းနဲ့ လက်တွဲဖြုတ်ခြင်းမရှိပဲ ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ (၃)နှစ်စာချုပ်သစ်ကိုပါ ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ နည်းပြသစ် ကားလို့အန်စလော့တီလက်ထက်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ပထမဆုံးလှုပ်ရှားမှုတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ခြေစမ်းပွဲရလဒ်များ
ဘယ်ဂျီယံ 1-1 ဂရိ
ယူကရိန်း 1-0 မြောက်အိုင်ယာလန်
ဆွတ်ဇာလန် 7-0 လက်ချင်စတိန်း
တူရကီ 2-0 မော်ဒိုဗာ
အန်ဒိုရာ 1-4 အိုင်ယာလန်