MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လာမယ့်ဘောလုံးရာသီမတိုင်ခင် အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုအန်လာပေါ်တာနဲ့ တွေ့ဆုံပြီး အနာဂတ်ကိစ္စတွေကို ဆွေးနွေးခဲ့ပြီးနောက် အသင်းမှာပဲ ဆက်လက်ရှိဖို့ ပိုမိုသေချာသွားခဲ့တယ်လို့ သိရှိရပါတယ်။

နည်းပြ ဟိုဆေးမော်ရင်ဟို စပါအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ရိုးမားအသင်းရဲ့ နည်းပြရာထူးကို လက်မခံခင်မှာ သူရဲ့ကလပ်အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုပါ ရရှိခဲ့သေးတယ်လို့ သိရှိရပါတယ်။ မော်ရင်ဟိုဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၂၀၁ဝကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး ဆုဖလားအောင်မြင်မှုတွေကိုတော့ အနည်းငယ်သာ ရယူထားနိုင်ခဲ့ရပါတယ်။

မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ စပိန်နောက်ခံအစွန်လူ ဆာဂျီရောဘတ်တိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ SPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ရောဘတ်တိုဟာ ဘာစီလိုနာအသင်းနဲ့ လာမယ့် ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဒီနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ အေဂျက်စ်အသင်းရဲ့ ကင်မရွန်းဂိုးသမားဖြစ်သူ အန်ဒရီအိုနာနာကို ဒီနှစ်နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး အေဂျက်စ်အသင်းကလည်း တားမြစ်ဆေး သုံးစွဲထားမှုကြောင့် ဘောလုံးကစားခြင်းကနေ (၁၂)လအထိ ပိတ်ပင်ထားခံခဲ့ရတဲ့ အိုနာနာကို အသင်းကနေ ရောင်းထုတ်ချင်နေပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဆီကို နည်းပြဟောင်းကြီး ကားလို့အန်စလော့တီ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက စပါးအသင်းဆီကို အငှားချထားခံခဲ့ရတဲ့ ဂါရတ်ဘေးလ်လည်း အသင်းပြောင်းဖွယ် မရှိတော့ပဲ ရီးယဲလ်အသင်းမှာသာ ဆက်လက်ကစားဖွယ် ရှိနေပါတယ်။

စပါးအသင်းဟာ အင်တာမီလန်အသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ အီတလီလူမျိုး ဘောလုံးနည်းပြ အန်တိုနီယိုကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပေမယ့်လည်း ကွန်တီရဲ့လုပ်ခလစာနဲ့ပတ်သက်ပြီး အဆင်ပြေမှု မရှိသေးတာကြောင့် ဆက်လက်ဆွေးနွေးနေရဆဲဖြစ်တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်