MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ (၁၆)သင်းရှုံးထွက်အဆင့် စတုတ္ထမြောက်နေ့ ပွဲစဉ်တွေအတွင်းမှာ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းနိုင်ခဲ့ကြတဲ့ အင်္ဂလန်နဲ့ ယူကရိန်းအသင်းတွေရဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဇင်ချန်ကိုတို့ (၂)ယောက်ဟာ ပွဲစဉ်အတွင်း အကောင်းဆုံးကစားသမားဆုတွေကို အသီးသီးဆွတ်ခူးသွားခဲ့ရပါတယ်။

ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ အထူးခြေစွမ်းပြသလျက်ရှိလို့နေတဲ့ ရိုးမားအသင်းရဲ့ ဘယ်နောက်ခံကစားသမား လီယိုနာဒိုစပင်နာဇိုလာကို လတ်တလောမှာ ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားနေကြပြီး ယူရိုပြိုင်ပွဲအပြီးမှာပဲ ဒီကစားသမားကို စတင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

ဆိုဗီယက်ယူနီယံကနေ ခွဲထွက်ခဲ့ပြီးနောက် ယူကရိန်းနာမည်နဲ့ပြောင်းလဲပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲတွေအတွင်း ၂၀၁၂ခုနှစ်နဲ့ ၂၀၁၆ခုနှစ်တွေမှာ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ယူရို-၂၀၂ဝပြိုင်ပွဲမှာတော့ ယူကရိန်းဟာ ဆွီဒင်အသင်းကို အနိုင်ယူခဲ့ပြီး အသင်းရဲ့ သမိုင်းတလျှောက် ယူရိုပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းသွားခဲ့ပါတယ်။

ရီးယဲလ်ဆိုစီဒက်အသင်းကနေ ဝုလ်ဗ်အသင်းဆီကို အငှားနဲ့ လာရောက်ကစားလို့နေတဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဝီလီယံဟိုဆေးဟာ သူ့ကို လွန်ခဲ့တဲ့ ၂၀၂ဝခုနှစ် အတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒါကို ဆိုစီဒက်အသင်းဘက်ကနေ ပယ်ချခဲ့ကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာ ကွာတားဖိုင်နယ်အဆင့်ဆီ တတ်လှမ်းထားတဲ့ အင်္ဂလန်အသင်းဟာ ပြိုင်ပွဲအတွင်း ပေးဂိုးလုံးဝ ခွင့်မပြုရသေးတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်လျက်ရှိနေပြီး ၁၉၆၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာလည်း အခုလို (၄)ပွဲဆက်တိုက် Clean Sheet ရယူခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်တဲ့အထိပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။