MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းဟာ လတ်တလောမှာ အသင်းကနေ ထွက်ခွာတော့မယ့်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျက်ဂရီးလစ်ရှ်ရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အာဆင်နယ်ကွင်းလယ်လူ အီမီစမစ်ရိုးကို အလိုရှိနေတာကြောင့် ပေါင်သန်း(၃၀)ခန့်နဲ့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလာခဲ့ရာ အာဆင်နယ်ဘက်ကနေ ထပ်မံပယ်ချသွားခဲ့ပါတယ်။

စပိန်လာလီဂါကလပ် လီဗန်တေးအသင်းဟာ စပိန်လက်ရွေးစင်ဟောင်း ဝါရင့်တိုက်စစ်ကစားသမားကြီး ရောဘတ်တိုဆိုလ်ဒါဒိုကို ဂရန်နာဒါအသင်းကနေ (၂)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ စပါး ဗလင်စီယာအသင်းတွေရဲ့ ကစားသမားဟောင်းဟာ ဂရန်နာဒါနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာ လီဗန်တေးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတော့မယ့် စပိန်ဘယ်နောက်ခံကစားသမား ဂျူနီယာဖာလ်ပိုကို ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်း+အပိုဆုကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ကို မကြာခင်မှာပဲ အပြီးသတ်နိုင်တော့မယ့်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဆက်လက်ကျန်ရစ်နေအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြစကော့ပါ့ကားဟာ ဒီနေ့အစောပိုင်းမှာပဲ ဖူလ်ဟမ်အသင်းနဲ့ လမ်းခွဲပြီးနောက် လိဂ်ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းရဲ့နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံလိုက်ရပြီး (၃)နှစ်စာချုပ်ချုပ်ဆို ဖြစ်ခဲ့ပါတယ်။

ပြင်သစ်အသင်းကို သာမာန်ပွဲကစားချိန်အတွင်းမှာ တစ်ဖက်ကို (၃)ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့ပြီး သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာလည်း (၅)ဂိုး(၄)ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်လာနိုင်ခဲ့တဲ့ ဆွတ်ဇာလန်အသင်းဟာ အသင်းရဲ့သမိုင်းတလျှောက် ယှဉ်ပြိုင်ခဲ့ဖူးသမျှ ယူရိုပြိုင်ပွဲတွေအတွင်း ကွာတားဖိုင်နယ်အဆင့်ဆီထိကို ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းလာနိုင်ခဲ့ရတာဖြစ်ပါတယ်။