MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂၈ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်က ဆယ်တာဗီဂိုနဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို ရယူပေးနိုင်ခဲ့ပေမယ့် သူရဲ့ဘာစီလိုနာအသင်းကတော့ (၂)ဂိုးစီသရေကျခဲ့တာကြောင့် ရမှတ်ဆုံးရှံးခဲ့ရတာကြောင့် ဆွာရက်ဇ်မှာလည်း စိတ်ပျက်နေခဲ့ရပြီး သတင်းစာရှင်းလင်းပွဲအတွင်း အသင်းရဲ့ရမှတ်ဆုံးရှံးရမှုအကြောင်းကို လာရောက်မေးမြန်းရာမှာ သိချင်ရင် နည်းပြတွေကိုမေးကြည့်လို့ ဒေါသတကြီးနဲ့ ပြန်လည်တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက မန်ချက်စတာယူနိုက်တက်အသင်းမှာ ကိုင်တွယ်ခဲ့စဉ် အသင်းဆီကို ခေါ်ယူခဲ့ဖူးတဲ့ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို စပါးအသင်းဆီ ထပ်မံခေါ်ဆောင်ဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါ့အပြင် အသင်းနဲ့လမ်းခွဲတော့မယ့် အမ်ဒွန်ဘီလီနေရာအတွက်ကိုလည်း မာဆေးလ်ကွင်းလယ်လူ ဆမ်ဆွန်နဲ့အစားထိုးသွားဖို့ ပစ်မှတ်ထားလို့နေပါတယ်။

မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက လာမယ့်ရာသီမှာ ဗဟိုခံစစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် အဲဗာတန်အသင်းရဲ့ နောက်ခံကစားသမားလေးဟိုးဂိတ်ကို ခေါ်ယူချင်နေပြီး ကမ်းလှမ်းမှုပြုလုပ်ရာမှာ အဲဗာတန်ကစားသမားဟောင်းဖြစ်တဲ့ ဂျွန်စတုန်းစ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စပါးအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ခေါ်ယူချင်နေပြီး တကယ်လို့သာ အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်တော့ Plan B အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ(မိုနာကိုမှာ အငှားနဲ့သွားရောက်ကစားနေတဲ့) ဘာကာယိုကိုကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ဘောလုံးလောကကနေ အနားယူလိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာထားတဲ့ ဝါရင့်နယ်သာလန် တောင်ပံကစားသမားကြီး အာဂျန်ရော်ဘင်ဟာ ဘောလုံးသမားဘဝထဲကို ပြန်လည်ဝင်ရောက်လာပြီဖြစ်ပြီး နယ်သာလန်ကလပ် ဂရိုနင်ဂျင်အသင်း(သူရဲ့ပထမဆုံးအသင်း)မှာ လာမယ့်ဘောလုံးရာသီအတွင်း ပါဝင်ကစားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။