MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား တိုဒီဘိုဟာ ပြီးခဲ့တဲ့ရာသီက ရာသီဝက်အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို(၈.၅)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ကလပ်အသင်း(၂)သင်းလုံးရဲ့ တရားဝင်တွစ်တာစာမျက်နှာတွေကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့ အလွန်နီးစပ်လျက်ရှိနေတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုရဲ့ နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် နယ်သာလန်ထိပ်သီးကလပ် PSV အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် တောင်ပံတိုက်စစ်ကစားသမားလေး နော်နီမာဒူအက်ကေကို ခေါ်ယူသွားချင်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမနီဂိုးသမား အလက်ဆန်းဒါးနူဘယ်ဟာ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းဆီကို (၂)ရာသီသက်တမ်းရှိ ကာလရှည် အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မနှစ်ကမှ ရှော်ကေးကနေ ဘိုင်ယန်ကို ရောက်လာခဲ့တဲ့ နူဘယ်ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ(၄)ပွဲသာ ပါဝင်ကစားခဲ့ရပြီး နေရာရဖို့ ရုန်းကန်နေသူဖြစ်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးနီဟက်ဇ်က သူအနေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာချင်တယ်လို့ အသင်းကို အသိပေးခဲ့ကြောင်း AS သတင်းစာကနေ ဖော်ပြလာခဲ့ပြီး အသက်လက်တီကိုဘက်ကတော့ သူတို့ကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ်ရှိနေပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်အတွင်း ဘယ်ဂျီယံအသင်းကို အရေးနိမ့်ပြီး ယူရိုပြိုင်ပွဲကနေ လှည့်ပြန်သွားခဲ့ရတဲ့ ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပေါ်တူဂီလက်ရွေးစင်အသင်းဟာ ၁၉၈၄ခုနှစ်နောက်ပိုင်းကတည်းက ယူရိုပြိုင်ပွဲတိုင်းမှာ အုပ်စုအဆင့်ကနေ တတ်လှမ်းကာ အနိမ့်ဆုံး ကွာတားဖိုင်နယ်အထိ ရောက်ရှိနိုင်ခဲ့ပေမယ့် အခုလို (၁၆)သင်းအဆင့်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းဟာ အသင်းအတွက် ပထမဆုံးအကြိမ် ဖြစ်လာခဲ့ရပါတယ်။