MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂၇ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားကြီးဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးကတော့ ဒီရာသီမှာ ဘိုင်ယန်အသင်းကို ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဖြစ်လာဖို့အတွက် သူရဲ့သွင်းဂိုးများစွာနဲ့ ကူညီပေးနိုင်ခဲ့လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဂျာမန်ဘွန်ဒစ်လီဂါရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်သတ်မှတ်ခံလိုက်ရပါတယ်။ လီဝန်ဒေါစကီးဟာ ဒီရာသီမှာ လိဂ်သွင်းဂိုး(၃၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ဒေါ့မွန်အသင်းဆီမှာ (၂)ရာသီအငှားနဲ့ လာရောက်ကစားနေပြီး ဒီရာသီအကုန်မှာ ဒေါ့မွန်နဲ့ အငှားသက်တမ်းပြည့်တော့မယ့် မော်ရိုကိုလက်ရွေးစင် ညာနောက်ခံကစားသမား ဟာခီမီကို ခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းက ရေပန်းအစားဆုံး ဖြစ်လို့နေပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)နဲ့ ခေါ်ယူဖို့ နီးစပ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူ ဆယ်တီယန်က သူရဲ့အသင်းသား အာသာမယ်လိုနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အပြောင်းအရွှေ့အကြောင်းကို အသင်းတာဝန်ရှိသူတွေကနေ သူ့ကိုသတင်းပေးမှုမရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အာသာအနေနဲ့ အခုအချိန်မှာ အပြောင်းအရွှေ့ကိစ္စတွေထက် အသင်းကိုပဲ အာရုံစိုက်ထားရမယ်လို့လည်း ဆယ်တီယန်က ပြောဆိုခဲ့ပါတယ်။

ဗလင်စီယာအသင်းဟာ အနာဂတ်မရေမရာဖြစ်လို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမား ကယ်ပါကို လာလီဂါပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေပြီး (၂)ရာသီအငှားစာချုပ်နဲ့ အရင်ဆုံး ကမ်းလှမ်းပြီး အငှားစာချုပ်ပြည့်ချိန်မှ အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ အသင်းကနေ ရောင်းထုတ်ဖို့ရှိနေတဲ့ ကယ်ပါရဲ့နေရာအတွက် အေဂျက်စ်ဂိုးသမား အိုနာနာနဲ့ အစားထိုးဖွယ်ရှိနေပါတယ်။

စပါးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဟောင်းပိုချက်တီနိုရဲ့သားဖြစ်တဲ့ (၁၉)နှစ်သားလေး မာရီဇိုယိုပိုချက်တီနိုကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းဖို့ပြင်ဆင်နေပါတယ်။ ဆယ်ကျော်သက်အရွှယ် ကစားသမားလေး ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၇ခုနှစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စပါးစီနီယာအသင်းအတွက်ကိုတော့ တစ်ကြိမ်မှ ကစားခွင့်မရသေးသူလည်းဖြစ်ပါတယ်။