MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ဘရာဇီးဝါရင့်နောက်ခံအစွန်လူ မာဆယ်လိုကို အသင်းကနေ ရောင်းချသွားဖို့ လုံးဝအစီအစဉ်မရှိသလို အသင်းနည်းပြသစ် အန်စလော့တီကလည်း မာဆယ်လိုကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ ရီးယဲလ်အသင်းဟာ ဆာဂျီယိုရာမို့စ်နဲ့ လမ်းခွဲထားခဲ့တဲ့အတွက် ဝါရင့်ကစားသမား မာဆယ်လိုကို အသင်းခေါင်းဆောင်အဖြစ် လွဲပြောင်းတာဝန်ပေးထားပါတယ်။

အာဆင်နယ်အသင်းဟာ လတ်တလောမှာ ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဘင်ဝှိုက်ကို အဓိကပစ်မှတ်ထား ကြိုးပမ်းလျက်ရှိနေသလို ကမ်းလှမ်းမှုတချို့ လုပ်ဆောင်ခဲ့ပေမယ့် ဘရိုက်တန်ဘက်ကနေ ပယ်ချခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ဘရိုက်တန်ဘက်ကနေ အလိုရှိနေတဲ့ တန်ကြေးအတိုင်းနဲ့ ထပ်မံကမ်းလှမ်းဖို့ ရှိနေတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ယူရို-၂၀၂ဝပြိုင်ပွဲမှာ (၁၆)သင်းရှုံးထွက်အဆင့်ကို တတ်ရောက်ထားနိုင်ခဲ့တဲ့ ပြင်သစ်လက်ရွေးအသင်းဟာ အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေရင်းနဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ သောမတ်စ်လူမာနဲ့ မားကပ်စ်သူရမ်တို့ ဒဏ်ရာအသီးသီး ရသွားခဲ့တာပြီး လက်ရှိမှာ အသင်းအတွင်း ဒဏ်ရာရကစားသမား အရေအတွက် တိုးမြှင့်လာနေရခြင်းဟာ ပြင်သစ်အတွက် စိုးရိမ်စရာတစ်ခု ဖြစ်နေရပါတယ်။

လက်ရှိအချိန်ထိ လစ်လပ်လျက်ရှိနေတဲ့ အသင်းရဲ့နည်းပြရာထူးအတွက် နည်းပြတစ်ယောက်မှကို မခန့်အပ်နိုင်သေးတဲ့ စပါးအသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီနည်းပြဟောင်း နူနိုဆန်တိုကိုပဲ အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်သွားဖို့အတွက် အသေအချာ ဆွေးနွေးလျက်ရှိနေပြီး လက်ရှိမှာလည်း နူနိုဟာ စပါးရဲ့နည်းပြသစ်တစ်ယောက် ဖြစ်လာဖို့ ထိပ်ဆုံးကနေ ရေပန်းစားလျက် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဝိန်းရွန်နီ ကိုင်တွယ်လို့နေတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဟာ ရွန်နီလို ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ဒေးဗစ်ဘက်ဟမ်း ရိုင်ယန်ဂစ် နီကီဘတ် ဂယ်ရီနဖီးလ် ဖေးလ်နဖီးလ်နဲ့ ပေါလ်စခိုးတို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ ဆယ်လ်ဖိုဒ့်အသင်းနဲ့ ကာရာဘောင်းလိဂ်ဖလား ပထမအဆင့်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံလို့နေပါတယ်။