MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂၄ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မော်ပေးနဲ့ ဘောလုံးယှဉ်လုရင်း ဒူးအရွှတ်စုတ်ပြဲသွားခဲ့ရတဲ့ အာဆင်နယ်ဂိုးသမား လေနိုဟာ သတင်းတွေထွက်ပေါ်နေသလို ကာလရှည်နားရမှာမဟုတ်ပဲ ဒီနှစ်ဘောလုံးရာသီအကုန် (ရက်သတ္တပတ်၄ပတ်ခန့်လောက်ပဲ) အနားယူရဖွယ်ရှိတယ်လို့ အသင်းဘက်ကနေ ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးကွင်းလယ်ကစားသမား အာသာကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၇၂.၅)သန်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ Sky Sports ကနေ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဘာစီလိုနာကလည်း ဂျုဗင်တပ်စ်ကွင်းလယ်လူ ပီယာနစ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီဇွန်လကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ဘရာဇီးနောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်ကို အသင်းမှာ တစ်နှစ်လောက် ထပ်မံထားရှိဖို့အတွက် နီးစပ်လျက်ရှိနေတဲ့အပြင် ဖလာမင်ဂိုအသင်းကနေ အငှားခေါ်ယူထားတဲ့ စပိန်နောက်ခံလူ ပါဘလိုမာရီကိုလည်း အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီလအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့ ဝါရင့်တောင်ပံ ကစားသမားနှစ်ယောက်ဖြစ်သော ဝီလီယံနဲ့ ပတ်ဒရိုတို့နှစ်ဦးကို ကာလတိုစာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ချယ်လ်ဆီးမှာ ဆက်လက်ရှိနေတော့မှာဖြစ်ပြီး ရာသီကုန်မှသာ အသင်းနဲ့ လက်တွဲဖြုတ်ကြမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့က သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဘယ်အချိန် ဘယ်နေ့ရက် ဘယ်ကွင်းမှာ ကိုင်မြှောက်ရမလဲဆိုတဲ့အပေါ်မှာ စိတ်ဝင်စားခြင်းမရှိကြောင်း စိုးရိမ်ပူပန်နေခြင်းမရှိကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။