MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့ ဇွန်လ ၂၂ရက်နေ့ မနက်၈နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းမှာ တစ်ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ စပိန်ကွင်းလယ်ကစားသမား ဒန်နီစီဘယ်ယို့စ်ဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ သူရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကနေ အပြီးသတ်ထွက်ခွာဖွယ်ရှိနေပြီး အသင်းမှာ နေရာမရနိုင်တာကြောင့် ထွက်ခွာဖို့ကိုသာ ရွေးချယ်နိုင်တာဖြစ်တယ်လို့ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

မာဆေးလ်အသင်းရဲ့ ပြင်သစ်တောင်ပံကစားသမား သော်ဗင်ကို အီတလီစီးရီးအေ ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အားလုံးထဲမှာ အေစီမီလန်အသင်းက သော်ဗင်ကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားလို့နေပါတယ်။ ဒီ အသက်(၂၇)နှစ်အရွှယ် ကစားသမားဟာ မာဆေးလ်နဲ့ တစ်နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိတော့ပြီး အသင်းနဲ့ လမ်းခွဲဖို့လည်း နီးစပ်နေသူဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဒီလကုန်မှာပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အသက်(၃၃)နှစ်ရှိ ဝါရင့်ဘယ်ဂျီယံနောက်ခံကစားသမား ဗာတွန်ဂန်ကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေကို စတင်ပြုလုပ်နေပြီလို့ သိရှိရပါတယ်။ ရိုးမားဘက်က ဗာတွန်ဂန်အတွက် (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် ဗာတွန်ဂန်ကတော့ (၃)နှစ်အထိ စာချုပ်ချုပ်ဆိုချင်နေပြီး ဒီအချက်မှာ အဆင်ပြေသွားပါက အပြောင်းအရွှေ့ အထမြောက်နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားက သူ့အသင်းဟောင်း ရှက်ဖီးယူနိုက်တက်အသင်းရဲ့ ဒီရာသီ ပုံစံကောင်းပြသနေမှုအပေါ် ဂုဏ်ယူမိကြောင်း ပြောဆိုခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်မှုမှာတော့ ယူနိုက်တက်ရဲ့အောက်မှာပဲ ဆက်လက်ရှိနေရလိမ့်မယ်လို့လည်း သတိပေးပြောဆိုသွားခဲ့ပါတယ်။

အထောင်တိုက်စစ်နေရာမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ကိုအထောင်တိုက်စစ်နေရာထက် တိုက်စစ်ဘယ်ခြမ်း ဒါမှမဟုတ် ညာခြမ်းမှာသာ အသုံးပြုမယ်ဆိုရင် သူအတွက် ကစားရတာပိုသက်တောင့်သက်သာဖြစ်မယ်လို့ ပြောဆိုခဲ့ကြောင်း ဂျုဗင်တပ်စ်နည်းပြဆာရီက အတည်ပြုပြောကြားခဲ့ပါတယ်။