MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

၁၉၈ဝခုနှစ်နောက်ပိုင်း ပုံစံသစ်များစွာနဲ့ ကျင်းပလာခဲ့တဲ့ ယူရိုပြိုင်ပွဲတွေအတွင်းမှာ အီတလီလက်ရွေးစင်အသင်းဟာ အုပ်စုတွင်း ပွဲစဉ်တွေအားလုံးကို အနိုင်ရခဲ့ပြီး အနိုင်ရခဲ့တဲ့ ပွဲ(၃)ပွဲအတွင်းမှာလည်း ပေးဂိုးလုံးဝမရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ အီတလီဟာ လက်ရှိမှာလည်း ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက် Clean Sheet နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ခံစစ်ကို အတောင့်တင်းဆုံး အနေအထားကို ရောက်ရှိနေဖို့အတွက် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ရာဖယ်ဗာရန်းကို ခေါ်ယူသွားချင်နေပြီး ကစားသမားကိုယ်တိုင်ကလည်း ပြင်သစ်မြေကို ပြန်သွားချင်နေတဲ့အတွက် အပြောင်းအရွှေ့က ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။

ပြင်သစ်လီဂူးချန်ပီယံ လိုင်လီအသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ယီလ်မက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအတွက် တိုက်စစ်စွမ်းဆောင်ရည်အရ (၆၆)ကြိမ် ဂိုးကန်သွင်းပြီး (၃၃)ကြိမ် ဂိုးပေါက်တည့်နိုင်ခဲ့ကာ (၁၅)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယူရိုပြိုင်ပွဲ ဆင်နွဲနေရတဲ့ တူရကီအသင်းအတွက်ကိုတော့ အုပ်စုတွင်းပွဲအားလုံးမှာ ဂိုးကန်သွင်းမှု (၁၀)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု (၁)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး သွင်းဂိုးလည်း တစ်ဂိုးမှကို မသွင်းယူနိုင်ခဲ့ပဲ ဖြစ်ခဲ့ရပါတယ်။

မကြာသေးခင် ရက်ပိုင်းကမှ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းအနေနဲ့ လက်ရှိ ယူရို-၂၀၂ဝပြိုင်ပွဲမှာ သူရဲ့ အကောင်းဆုံး ခြေစွမ်းအဆင့်အတန်းမျိုးကို မပြသနိုင်သေးပေမယ့်လည်း ဒီထက်မက ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသနိုင်သေးတယ်လို့ နယ်သာလန်နည်းပြ ဒီဘိုးဝါး သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

ဆွတ်ဇာလန် နာမည်ကျော်ဘောလုံးသမား ရှာကွီရီဟာ မနေ့ညက တူရကီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပွဲစဉ်အတွင်း သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ၂၀၁၆ ယူရိုဖလား ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုဖလားပြိုင်ပွဲတွေအားလုံးမှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူနိုင်တဲ့ စတုတ္ထမြောက် ကစားသမားဖြစ်လာခဲ့ရပါတယ်။ သူ့အရှေ့မှာတော့ ရော်နယ်ဒို လူကာကူနဲ့ ပါရီဆစ်တို့က ပြိုင်ပွဲကြီး(၄)ခုလုံးမှာ ဂိုးတွေဆက်တိုက် သွင်းယူထားနိုင်ကြပါတယ်။