MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇွန်လ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမနီအသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရို-၂၀၂၀ ပွဲစဉ်အတွင်း ဂျာမနီဘက်က (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး သူတို့အသင်းရဲ့ သွင်းဂိုးတွေအားလုံးထဲကမှ သွင်းဂိုး(၂)ဂိုးဟာ ပေါ်တူဂီဘက်ကနေ ကိုယ့်ဂိုးကိုယ်သွင်းယူရာကနေ ရရှိခဲ့တာဖြစ်လို့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း စုစုပေါင်း OG Goals ဂိုးဟာ (၅)ဂိုးအထိ ရှိလာခဲ့ရပြီး ဒါဟာ ပြိုင်ပွဲသမိုင်းတလျှောက်မှာ အများဆုံးစံချိန်တစ်ခု ဖြစ်ခဲ့ရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းနဲ့ လမ်းခွဲသွားခဲ့ပြီဖြစ်တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ရဲ့နေရာမှာ နောက်ထပ်ခံစစ်မှူးတစ်ယောက်ကို အစားထိုးသွားဖို့အတွက် ဗီလာရီးယဲလ်အသင်းရဲ့ စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ ပါအူတောရက်စ်နဲ့ ဆီဗီလာရဲ့ ပြင်သစ်နောက်ခံလူ ခွန်ဒယ်တို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ပိုလန်လက်ရွေးစင်အသင်းရဲ့ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ကိုဇလော့စကီးဟာ စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရို-၂၀၂ဝပွဲစဉ်ရဲ့ ဒုတိယပိုင်း ပွဲကစားချိန်မှာ လူစားဝင်လာခဲ့ပြီးနောက် အင်္ဂလန်လူငယ်ကစားသမား ဘယ်လင်ဟမ် တင်ရှိထားတဲ့ ယူရိုပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားသမားစံချိန်ကို ရိုက်ချိုးသွားနိုင်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား အန်ထရန်ဂရီးဇ်မန်းက သူတို့အသင်းအနေနဲ့ ကိုဗစ်ဂယက်နောက်ပိုင်း ပရိသတ် ဝင်ခွင့်မရတဲ့ ဘောလုံးကွင်းတွေမှာ ဆက်တိုက်ကစားလာခဲ့ရတာကြောင့် ဟန်ဂေရီ ပရိသတ်များစွာ လာရောက်အားပေးနေတဲ့ ပွတ်ရှ်ကပ်ကွင်းထဲမှာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုဒဏ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အူဒီးနီးစ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီပေါလ်ဟာ လက်ရှိမှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲလျက် ရှိနေပြီး ပြိုင်ပွဲပြီးဆုံးမှသာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့အတွက် ဆေးစစ်မှုတွေ ခံယူသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။